19. လာဗန်သည် သိုးမွေးကိုညှပ်ခြင်းငှါ၊ အခြားတပါးသို့သွားခိုက်တွင်၊ ရာခေလသည်၊ သူ၏တေရပ်ရုပ်တုတို့ကို ခိုးယူလေ၏။
20. ယာကုပ်သည် မိမိပြေးမည်အကြောင်းကို မကြားမပြောဘဲနေ၍၊ ရှုရိလူဖြစ်သောလာဗန်ကို ပရိယာယ်အားဖြင့်နိုင်လေ၏။
21. ထိုသို့မိမိဥစ္စာရှိသမျှပါလျက် ပြေးသွား၍၊ မြစ်တဘက်သို့ အလျင်အမြန်ကူးပြီးလျှင်၊ ဂိလဒ်တောင်ကိုရှေ့ရှုပြုလျက် ခရီးသွားလေ၏။
22. ယာကုပ်ပြေးကြောင်းကို၊ သုံးရက်မြောက်သောနေ့၌ လာဗန်ကြားသိလျှင်၊
23. ညီအစ်ကိုတို့ကိုခေါ်၍၊ ခုနစ်ရက်ခရီးလိုက်သဖြင့်၊ ဂိလဒ်တောင်ပေါ်မှာ မှီလေ၏။
24. ဘုရားသခင်သည် ရှုရိလူလာဗန်ဆီသို့ ညဉ့်အချိန်တွင် အိပ်မက်၌ကြွတော်မူ၍၊ သင်သည် ယာကုပ်အား ကောင်းမကောင်းကိုမပြောနှင့်၊ သတိပြုလော့ဟု မိန့်တော်မူ၏။
25. ထိုအခါယာကုပ်သည် မိမိတဲကို ဂိလဒ်တောင်ပေါ်မှာဆောက်နှင့်ပြီ။ လာဗန်သည် လိုက်၍မှီသောအခါ၊ မိမိညီအစ်ကိုတို့နှင့်တကွ၊ ထိုတောင်ပေါ်မှာတဲကို ဆောက်လေ၏။
26. လာဗန်ကလည်း၊ သင်သည် အဘယ်သို့ပြုသနည်း။ စစ်တိုက်ရာ၌ ဘမ်းမိသောသူတို့ကို သိမ်းသွားသကဲ့သို့၊ ငါ့ကိုလှည့်စား၍၊ ငါ့သမီးတို့ကို သိမ်းသွား လေပြီတကား။
27. ငါ့ကိုလှည့်စား၍၊ အဘယ်ကြောင့် တိတ်ဆိတ်စွာထွက်ပြေးသနည်း။ ငါသည် ပျော်မွေ့ခြင်းကိုပြု၍သီခြင်းဆိုလျက်၊ ပတ်သာနှင့်စောင်းတီးလျက်၊ သင့်ကို လွှတ်လိုက်စေခြင်းငှါ၊ အဘယ်ကြောင့် ငါ့ကိုမကြားမပြောဘဲနေသနည်း။