ကမ္ဘာ​ဦး 31:14-33 Judson Bible (BJB)

14. ရာခေလနှင့်လေအာတို့က၊ အကျွန်ုပ်တို့သည် ကိုယ်အဘ၏အိမ်နှင့် အဘယ်သို့ ဆိုင်သနည်း။ အဘယ်သို့ အမွေခံရသေးသနည်း။

15. သူသည်ကျွန်ုပ်တို့ကို တကျွန်းတနိုင်ငံသားကဲ့သို့ မှတ်တတ်သည်မဟုတ်လော။ ကျွန်ုပ်တို့ကိုရောင်းစားခဲ့ပြီတကား။

16. ကျွန်ုပ်တို့အဘမှ ဘုရားသခင်ရုပ်သိမ်းတော်မူသော စည်းစိမ်ရှိသမျှသည် ငါတို့ဥစ္စာ၊ ငါတို့သားသမီးများဥစ္စာဖြစ်၏။ သို့ဖြစ်၍ ဘုရားသခင်မှာထားတော်မူ သည်အတိုင်း ယခုတွင်ပြုပါလော့ဟုပြန်ပြောကြ၏။

17. ထိုအခါယာကုပ်သည်ထ၍၊ မိမိသားမယားတို့ကို ကုလားအုပ်ပေါ်မှာစီးစေ၏။

18. မိမိတိရစ္ဆာန်တည်းဟူသော၊ ပါဒနာရံအရပ်၌ရသောတိရစ္ဆာန်ရှိသမျှတို့နှင့်၊ ရတတ်သမျှသော ဥစ္စာတို့ကိုဆောင်ယူ၍၊ အဘဣဇာက်နေရာ ခါနာန်ပြည်သို့ ခရီးသွားလေ၏။

19. လာဗန်သည် သိုးမွေးကိုညှပ်ခြင်းငှါ၊ အခြားတပါးသို့သွားခိုက်တွင်၊ ရာခေလသည်၊ သူ၏တေရပ်ရုပ်တုတို့ကို ခိုးယူလေ၏။

20. ယာကုပ်သည် မိမိပြေးမည်အကြောင်းကို မကြားမပြောဘဲနေ၍၊ ရှုရိလူဖြစ်သောလာဗန်ကို ပရိယာယ်အားဖြင့်နိုင်လေ၏။

21. ထိုသို့မိမိဥစ္စာရှိသမျှပါလျက် ပြေးသွား၍၊ မြစ်တဘက်သို့ အလျင်အမြန်ကူးပြီးလျှင်၊ ဂိလဒ်တောင်ကိုရှေ့ရှုပြုလျက် ခရီးသွားလေ၏။

22. ယာကုပ်ပြေးကြောင်းကို၊ သုံးရက်မြောက်သောနေ့၌ လာဗန်ကြားသိလျှင်၊

23. ညီအစ်ကိုတို့ကိုခေါ်၍၊ ခုနစ်ရက်ခရီးလိုက်သဖြင့်၊ ဂိလဒ်တောင်ပေါ်မှာ မှီလေ၏။

24. ဘုရားသခင်သည် ရှုရိလူလာဗန်ဆီသို့ ညဉ့်အချိန်တွင် အိပ်မက်၌ကြွတော်မူ၍၊ သင်သည် ယာကုပ်အား ကောင်းမကောင်းကိုမပြောနှင့်၊ သတိပြုလော့ဟု မိန့်တော်မူ၏။

25. ထိုအခါယာကုပ်သည် မိမိတဲကို ဂိလဒ်တောင်ပေါ်မှာဆောက်နှင့်ပြီ။ လာဗန်သည် လိုက်၍မှီသောအခါ၊ မိမိညီအစ်ကိုတို့နှင့်တကွ၊ ထိုတောင်ပေါ်မှာတဲကို ဆောက်လေ၏။

26. လာဗန်ကလည်း၊ သင်သည် အဘယ်သို့ပြုသနည်း။ စစ်တိုက်ရာ၌ ဘမ်းမိသောသူတို့ကို သိမ်းသွားသကဲ့သို့၊ ငါ့ကိုလှည့်စား၍၊ ငါ့သမီးတို့ကို သိမ်းသွား လေပြီတကား။

27. ငါ့ကိုလှည့်စား၍၊ အဘယ်ကြောင့် တိတ်ဆိတ်စွာထွက်ပြေးသနည်း။ ငါသည် ပျော်မွေ့ခြင်းကိုပြု၍သီခြင်းဆိုလျက်၊ ပတ်သာနှင့်စောင်းတီးလျက်၊ သင့်ကို လွှတ်လိုက်စေခြင်းငှါ၊ အဘယ်ကြောင့် ငါ့ကိုမကြားမပြောဘဲနေသနည်း။

28. ငါ့သားသမီးတို့ကိုငါနမ်းစေခြင်းငှါ၊ အဘယ်ကြောင့်အခွင့်မပေးသနည်း။ သင်သည် မိုက်စွာပြုလေပြီတကား။

29. ယခုသင့်ကို ငါညှဉ်းဆဲနိုင်၏။ သို့သော်လည်း၊ မနေ့ညမှာ သင်၏အဘကိုးကွယ်သော ဘုရားသခင်သည်ကြွလာ၍၊ ယာကုပ်အား ကောင်းမကောင်းကိုမပြောနှင့်။ သတိပြုလော့ဟု ငါ့အားမိန့်တော်မူ၏။

30. ယခုမှာ၊ သင်သည် မိဘအိမ်ကို အလွန်အောက်မေ့သောကြောင့်၊ သွားရသည် ဟုတ်စေတော့။ ငါ၏ဘုရားတို့ကို အဘယ်ကြောင့်ခိုးယူခဲ့ရသနည်းဟု ယာကုပ်ကို ဆို၏။

31. ယာကုပ်ကလည်း၊ သင်သည်ကိုယ်သမီးတို့ကို အနိုင်သိမ်းယူကောင်းသိမ်းယူလိမ့်မည်ဟု ကျွန်ုပ်စိုးရိမ်သောကြောင့် ထွက်ပြေးရ၏။

32. သင်၏ဘုရားတို့ကိုမူကား၊ အကြင်သူ၌တွေ့လျှင်၊ ထိုသူကိုသေစေလော့။ ကျွန်ုပ်တို့ ညီအစ်ကိုများရှေ့တွင်၊ သင်၏ဥစ္စာကိုပြညွှန်၍ယူပါလော့ဟု၊ လာဗန်အား ပြန်ပြော၏။ ရာခေလခိုးကြောင်းကိုယာကုပ်မသိ။

33. လာဗန်သည် ယာကုပ်တဲ၊ လေအာတဲ၊ ကျွန်မနှစ်ယောက်တို့၏တဲသို့ဝင်၍ ရှာသော်လည်းမတွေ့လျှင်၊ လေအာတဲထဲမှထွက်၍၊ ရာခေလတဲသို့ဝင်လေ၏။

ကမ္ဘာ​ဦး 31