6. ထိုအပင်သည် စားဘွယ်ကောင်းခြင်း၊ အဆင်းလည်းလှခြင်း၊ ပညာတိုးပွားစေလိုသောငှါ၊ နှစ်သက်ဖွယ်သော အပင်ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင်၊ အသီးကို ယူ၍စား၏။ မိမိခင်ပွန်းအားလည်းပေး၍ သူသည်လည်း စား၏။
7. ထိုသူနှစ်ယောက်တို့သည် မျက်စိပွင့်လင်း၍ မိမိတို့၌ အဝတ်အချည်းစည်းရှိသည်ကို သိမြင်လျှင်၊ မိမိတို့ဝတ်ရန်ဖို့ သင်္ဘောသဖန်းပင်အရွက်တို့ကို ချုပ်စပ်၍ ခါးစည်းကိုလုပ်ကြ၏။
8. နေဧသောအချိန်တွင်၊ ထိုဥယျာဉ်၌ ထာဝရအရှင်ဘုရားသခင် ကြွတော်မူသောအသံကို လူလင်မယားတို့သည် ကြားလျှင်၊ အထံတော်မှလွတ်ခြင်းငှါ၊ ဥယျာဉ်အပင်တို့တွင် ပုန်းကွယ်လျက်နေကြ၏။
9. ထာဝရအရှင်ဘုရားသခင်ကလည်း၊ သင်သည် အဘယ်မှာရှိသနည်းဟု၊ လူကိုခေါ်တော်မူ၏။
10. လူကလည်း ဥယျာဉ်၌ ကိုယ်တော်၏အသံကို ကျွန်တော်ကြားလျှင်၊ အဝတ်အချည်းစည်းရှိသောကြောင့်၊ ကြောက်၍ ပုန်းလျက်နေပါသည်ဟု လျှောက်လေ၏။
11. ဘုရားသခင်ကလည်း၊ သင်၌ အဝတ်အချည်းစည်းရှိသည်ကို သင်အားအဘယ်သူပြောသနည်း။ မစားရဟု ငါပညတ်သော အပင်၏အသီးကို စားပြီလောဟု မေးတော်မူ၏။
12. လူကလည်း ကျွန်တော်၌အပ်ပေးတော်မူသော မိန်းမသည် ထိုအပင်၏အသီးကိုပေး၍ ကျွန်တော်စားမိပါသည်ဟု လျှောက်လေ၏။
13. ထာဝရအရှင်ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ပြုပြီးသနည်းဟု မိန်းမအားမေးတော်မူလျှင်၊ မိန်းမက မြွေသည် ကျွန်တော်မကို လှည့်စား၍၊ ကျွန်တော်မသည်စားမိပါပြီဟု လျှောက်လေ၏။
14. ထာဝရအရှင်ဘုရားသခင်သည် မြွေကိုခေါ်၍ သင်သည် ဤအမှုကို ပြုသောကြောင့် သားယဉ်သားရဲအပေါင်းတို့ထက် ကျိန်ခြင်းကို ခံရ၏။ သင်သည် ဝမ်းဖြင့်သွား၍ မြေမှုန့်ကို တသက်လုံးစားရမည်။
15. သင်နှင့်မိန်းမကို၎င်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကို၎င်း၊ ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။
16. မိန်းမကိုလည်း၊ သင်၌ကိုယ်ဝန်ဆောင်ခြင်းဝေဒနာကို ငါအလွန်များပြားစေရမည်။ ပင်ပန်းစွာ ဝေဒနာကိုခံ၍ သားဘွားရမည်။ ကိုယ်ခင်ပွန်း၏အလိုသို့လိုက်၍ သူ၏အုပ်စိုးခြင်းကိုလည်းခံရမည်ဟု မိန့်တော်မူ၏။
17. ယောက်ျားကိုလည်း၊ ထိုအပင်၏အသီးကို မစားရဟု ငါပညတ်သော်လည်း၊ သင်သည်မယား၏စကားကိုနားထောင်၍ စားမိသောကြောင့်၊ မြေသည် သင်၏အတွက် ကျိန်ခြင်းကို ခံလျက်ရှိ၏။ မြေ၏အသီးကို တသက်ပတ်လုံး ပင်ပန်းစွာ စားရမည်။