ကမ္ဘာ​ဦး 29:21-35 Judson Bible (BJB)

21. ယာကုပ်ကလည်း၊ ချိန်းချက်သော အချိန်စေ့ပါပြီ။ ကျွန်ုပ်သည် မယားနှင့် ဆက်ဆံဘို့ရာပေးစားပါဟု လာဗန်အားဆိုလျှင်၊

22. လာဗန်သည် ထိုအရပ်၌နေသော သူအပေါင်းတို့ကို စည်းဝေးစေ၍ ပွဲလုပ်လေ၏။

23-24. ညဦးအချိန်ရောက်မှ၊ ဇိလပအမည်ရှိသော ကျွန်မကိုသမီးလေအာ၌ လက်ဖွဲ့လျက်၊ ထိုသမီးကိုဆောင်သွင်း၍၊ ယာကုပ်သည်သူနှင့်ဆက်ဆံလေ၏။

25. နံနက်အချိန်ရောက်မှ ယာကုပ်သည်ကြည့်ရှုသောအခါ၊ လေအာဖြစ်ကြောင်းကို သိမြင်လျှင်၊ လာဗန်ထံသို့သွား၍ ကျွန်ုပ်၌ပြုသောအမှုကား၊ အဘယ်သို့နည်း။ ကျွန်ုပ်သည်ရာခေလကိုရခြင်းငှါ အစေခံရပြီ မဟုတ်လော။ ကျွန်ုပ်ကို အဘယ်ကြောင့် လှည့်စားရသနည်းဟုဆိုသော်၊

26. လာဗန်က၊ ငါတို့ပြည်၌ သမီးအကြီးကိုမပေးစားမှီ၊ အငယ်ကိုမပေးစားရ။

27. ခုနစ်ရက်စေ့အောင်ငံ့ဦးလော့။ နောက်တဖန် ခုနစ်နှစ်အစေခံရသည်အတွက်၊ ရာခေလကိုလည်း သင့်အားပေးစားဦးမည်ဟု ဆိုသည်အတိုင်း၊

28-29. ယာကုပ်ဝန်ခံ၍ ခုနစ်ရက်စေ့ပြီးမှ၊ လာဗန်သည် ဗိလဟာအမည်ရှိသော ကျွန်မကိုလက်ဖွဲ့လျက်၊ သမီးရာခေလကိုပေးစားလေ၏။

30. ယာကုပ်သည် ရာခေလနှင့်ဆက်ဆံ၍၊ လေအာကို ချစ်သည်ထက်သာ၍ ချစ်၏။ လာဗန်ထံမှာ တဖန်ခုနစ်နှစ်အစေခံလေ၏။

31. လေအာသည်အမုန်းခံရသည်ကို ထာဝရဘုရားသိမြင်၍၊ သားဘွားရသောအခွင့်ကို ပေးတော်မူ၏။ ရာခေလမူကား မြုံ၏။

32. လေအာသည်ပဋိသန္ဓေယူသဖြင့်၊ သားကိုဘွားမြင်၍ ရုဗင်အမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် ငါ၏ဆင်းရဲခံခြင်းကို အမှန် ကြည့်မြင်တော်မူပြီ။ သို့ဖြစ်၍ ယခုငါ့လင်သည် ငါ့ကိုချစ်လိမ့်မည်ဟု ဆိုသတည်း။

33. တဖန်ပဋိသန္ဓေယူပြန်၍ သားကိုဘွားမြင်သော်၊ ငါသည်အမုန်းခံရကြောင်းကို ထာဝရဘုရား ကြားသောကြောင့်၊ ဤသားကိုလည်း ပေးသနားတော်မူပြီဟုဆိုပြီးလျှင်၊ ထိုသားကို ရှိမောင်အမည်ဖြင့်မှည့်လေ၏။

34. တဖန်ပဋိသန္ဓေယူပြန်၍ သားကိုဘွားမြင်သော်၊ ငါ့လင်အား သားသုံးယောက်ကို ငါဘွားမြင်သောကြောင့်၊ ယခုတခါသူသည် ငါနှင့်ပေါင်းဘော်လိမ့်မည်ဟုဆို၍၊ ထိုသားကို လေဝိအမည်ဖြင့်မှည့်လေ၏။

35. တဖန်ပဋိသန္ဓေယူပြန်၍ သားကို ဘွားမြင်သော်၊ ထာဝရဘုရားကို ယခုငါချီးမွမ်းမည်ဟု ဆိုသည်ဖြစ်၍၊ ထိုသားကို ယုဒအမည်ဖြင့် မှည့်လေ၏။ ထိုနောက်၊ သားပြတ်၍မဘွားဘဲနေ၏။

ကမ္ဘာ​ဦး 29