32. အဘဣဇာက်ကလည်း၊ သင်သည် အဘယ်သူနည်းဟုမေးလျှင်၊ အကျွန်ုပ်ကား သားအကြီးဧသောဖြစ်ပါ၏ဟု ဆိုလေသော်၊ အဘဣဇာက်သည် အလွန်တုန်လှုပ်၍ အဘယ်သူနည်း။
33. အမဲသားကိုရ၍၊ ငါ့ထံသို့ ဆောင်ခဲ့ပြီးသောသူသည် အဘယ်မှာရှိသနည်း။ သင်မရောက်မှီ ငါသည်အကုန်အစင်စားပြီး၍၊ သူ့ကိုကောင်းကြီးပေးမိပြီ။ သူသည် ကောင်းကြီးမင်္ဂလာကို ဧကန်အမှန်ခံရလိမ့်မည်ဟု ဆိုလေ၏။
34. အဘဆိုသောစကားကိုဧသောကြားလျှင်၊ အလွန်ပြင်းသောအသံနှင့် သည်းထန်စွာငိုကြွေးလျက်၊ အိုအဘ၊ အကျွန်ုပ်ကိုလည်းကောင်းကြီးပေးပါလော့၊ ပေးပါလော့ဟုဆိုလေသော်၊
35. အဘက၊ သင့်ညီသည် လိမ္မာစွာလာ၍၊ သင်၏ကောင်းကြီးမင်္ဂလာကို ယူသွားပြီဟု ဆိုလေ၏။
36. ဧသောကလည်း၊ သူ့ကို ယာကုပ်ဟူသောအမည်ဖြင့် လျောက်ပတ်စွာမှည့်ပါပြီ မဟုတ်လော။ အကျွန်ုပ်ကို နှစ်ကြိမ်လှည့်စား၍နိုင်ပါပြီ။ သားဦးအရိပ်အရာကို အရင်ယူသွားပါပြီ။ ယခုလည်းတဖန် အကျွန်ုပ်၏ကောင်းကြီးမင်္ဂလာကို ယူသွားပါပြီဟူ၍၎င်း၊ အကျွန်ုပ်အဘို့ ကောင်းကြီးမင်္ဂလာတပါးကိုမျှ မခြွင်းပါသလော ဟူ၍၎င်းဆိုလေ၏။
37. ဣဇာက်ကလည်း၊ သူ့ကို သင်၏အရှင်ဖြစ်စေပြီ။ ညီအစ်ကိုအပေါင်းတို့ကို သူ၌ကျွန်ခံစေပြီ။ ဆန်စပါး၊ စပျစ်ရည်နှင့်သူ့ကိုထောက်မပြီ။ သို့ဖြစ်၍ ငါ့သား၊ သင်၌ အဘယ်သို့ပြုနိုင်တော့အံ့နည်းဟု၊ ဧသောအားပြန်ပြောလျှင်၊
38. ဧသောက၊ အိုအဘ၊ ကောင်းကြီးမင်္ဂလာ တစုံတခုမျှမရှိပါသလော၊ အိုအဘ၊ အကျွန်ုပ်ကိုလည်း ကောင်းကြီးပေးပါလော့၊ ပေးပါလော့ဟု အဘအားပြောဆိုလျက်၊ တဖန်အသံကိုလွှင့်၍ ငိုကြွေးလေ၏။
39. အဘဣဇာက်ကလည်း၊ ကြည့်ရှုပါ။ သင်၏နေရာသည် မြေကြီး၏ဆီဥနှင့်၎င်း၊ အထက်မိုယ်းကောင်းကင်၏နှင်းနှင့်၎င်း ပြည့်စုံလိမ့်မည်။
40. ထားဖြင့်အသက်ကိုမွေးရလိမ့်မည်။ ညီ၌ ကျွန်ခံရလိမ့်မည်။ နောက်တဖန် အစိုးရသောအခါ၊ သူတင်သောထမ်းဘိုးကို သင်၏လည်ပင်းမှချိုးပယ်လိမ့်မည်ဟု ပြန်၍ဆိုလေ၏။
41. အဘသည် ယာကုပ်အားပေးသော ကောင်းကြီးမင်္ဂလာကြောင့်၊ ဧသောသည် ယာကုပ်ကိုအငြိုးထား၍၊ ငါ့အဘကြောင့် ညည်းတွားရသောနေ့ရက်ကာလ အချိန် နီးပြီ။ ထိုအခါ ငါ့ညီယာကုပ်ကိုငါသတ်မည်ဟု၊ အကြံနှင့်ပြောလေ၏။