1. ထိုနောက် ဣဇာက်သည်အို၍ မျက်စိမှုန်သဖြင့် မမြင်နိုင်သောအခါ၊ သားအကြီးဧသောကို၊ ငါ့သားဟုခေါ်လျှင်၊ အကျွန်ုပ်ရှိပါ၏ဟု ထူးလေ၏။
2. အဘကလည်း၊ ယခုငါအိုလှပြီ။ အဘယ်သောအခါ သေရမည်ကို ငါမသိ။
3. မသေမှီ ငါ့ဝိညာဉ်သည် သင့်ကိုကောင်းကြီးပေးမည်အကြောင်း၊ သင်၏လက်နက်တည်းဟူသော လေးနှင့်မြှားတောင့်ကိုဆောင်ယူလျက် တောသို့သွား၍၊ ငါစားစရာဘို့ အမဲကောင်ကိုရအောင်ရှာပြီးလျှင်၊
4. ငါမြိန်ရှက်တတ်သော အမဲဟင်းလျာကိုချက်၍ ငါ့ထံသို့ယူခဲ့ပါလော့ဟု ပြောဆို၏။
5. ထိုသို့ ဣဇာက်သည် သားဧသောအားပြောဆိုသောစကားကို၊ ရေဗက္ကကြားသည်ဖြစ်၍၊ ဧသောသည် အမဲသားကိုရအောင်တောသို့ အရှာသွားစဉ်တွင်၊
6. ရေဗက္ကသည် သားယာကုပ်ကိုခေါ်၍၊
7. သင်၏အဘက၊ ငါမသေမှီ ထာဝရဘုရား၏ရှေ့တော်မှာ သင့်ကို ငါကောင်းကြီးပေးမည်အကြောင်း၊ ငါစားစရာဘို့ အမဲသားကိုယူခဲ့၍၊ အမဲဟင်းလျာကို ချက်ပါဟု သင်၏အစ်ကိုဧသောအား ပြောသည်ကို ငါကြားပြီ။
8. သို့ဖြစ်၍ ငါ့သား၊ ငါမှာထားသမျှသော စကားကို နားထောင်ပါလော့။
9. ယခုဆိတ်စုရှိရာသို့ သွား၍၊ ကောင်းသော ဆိတ်သငယ်နှစ်ကောင်ကို ငါ့ထံသို့ယူခဲ့ပါလော့။ သင်၏အဘ မြိန်ရှက်တတ်သော အမဲဟင်းလျာကို ငါချက်မည်။
10. သင်၏အဘမသေမှီ သင့်ကို ကောင်းကြီးပေးမည်အကြောင်း၊ ထိုအစာကို အဘစားစေခြင်းငှါ သင်သည် အဘထံသို့ပို့ဆောင်ရမည်ဟု ဆိုလေ၏။
11. ယာကုပ်ကလည်း၊ ကျွန်ုပ်အစ်ကိုဧသောကား အမွေးရှိသောသူ၊ ကျွန်ုပ်ကားချောမွတ်သောသူဖြစ်၏။
12. ကျွန်ုပ်အဘသည် ကျွန်ုပ်ကို စမ်းသပ်ကောင်းစမ်းသပ်လိမ့်မည်။ သို့ဖြစ်လျှင် ကျွန်ုပ်ကိုလှည့်စားသောသူဟူ၍ထင်သဖြင့်၊ ကျွန်ုပ်သည် မင်္ဂလာကိုမရဘဲ ကျိန်ခြင်းအမင်္ဂလာကိုသာခံရလိမ့်မည်ဟု အမိကိုဆိုလေ၏။