7. ထိုနောက် အာဗြဟံသည် အသက်ကြီးရင့်၍၊ အိုမင်းခြင်း၊ နေ့ရက် ကာလပြည့်စုံခြင်းနှင့်တကွ၊ အသက်ပေါင်း တရာခုနစ်ဆယ်ငါးနှစ်ရှိသော်၊
8. အသက်ချုပ်၍ အနိစ္စဖြစ်သဖြင့်၊ မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။
9. သားဣဇာက်နှင့် ဣရှမေလတို့သည်၊ မံရေမြို့ရှေ့မှာ၊ ဟိတ္တိအမျိုးသား၊ ဇောရသားဧဖရုန်၏လယ်ပြင်တွင်၊ မပ္ပေလမြေတွင်း၌ အဘကိုသင်္ဂြိုဟ်ကြ၏။
10. ဟေသအမျိုးသားတို့အား အဘိုးပေး၍ အာဗြဟံဝယ်သောလယ်ပြင်၌၊ အာဗြဟံနှင့် မယားစာရာတို့ကို သင်္ဂြိုဟ်ကြသတည်း။
11. အာဗြဟံသေသောနောက်၊ သားဣဇာက်ကို ဘုရားသခင် ကောင်းကြီးပေးတော်မူ၏။ ဣဇာက်သည် ဗေရလဟဲရောမြို့မှာနေသတည်း။
12. စာရာ၏ကျွန်မ၊ အဲဂုတ္တုအမျိုးသားဟာဂရဘွားမြင်သော အာဗြဟံသား ဣရှမေလ၏သားစဉ်မြေးဆက်တည်းဟူသော၊
13. မိမိအမျိုးအနွယ်အလိုက်၊ ဣရှမေလသားများအမည်ဟူမူကား၊ သားအကြီး နာဗာယုတ်။ ထိုနောက်ကေဒါ၊ အာဒဗေလ၊ မိဗသံ၊
16. ဣရှမေလသားတည်း။ ထိုသို့အမည်ရှိသောသူတို့သည်၊ မိမိမြို့၊ မိမိရဲတိုက်အလိုက်၊ အမျိုးမျိုးသောမင်းဆယ်နှစ်ပါးဖြစ်သတည်း။
17. ဣရှမေလသည် အသက်တရာသုံးဆယ်ခုနစ်နှစ်ရှိသော်၊ အသက်ချုပ်၍သေသဖြင့်၊ မိမိလူမျိုးစည်းဝေးရာသို့ရောက်လေ၏။
18. သူတို့သည်လည်း၊ အာရှုရိပြည်သို့သွားရာလမ်းအရှေ့၊ ရှုရမြို့တိုင်အောင် နေကြ၏။ ထိုသို့ ဣရှမေလ၏နေရာသည်၊ မိမိညီအစ်ကိုအပေါင်းအနား၌ ကျသတည်း။
19. အာဗြဟံသားဣဇာက်၏အဆက်အနွယ်ဟူမူကား၊ အာဗြဟံသားကား ဣဇာက်တည်း။
20. ဣဇာက်သည်၊ အသက်လေးဆယ်ရှိသောအခါ၊ ပါဒနာရံအရပ်သူ၊ ရှုရိအမျိုးဗေသွေလ၏သမီး၊ ရှုရိလူလာဗန်၏နှမရေဗက္ကနှင့် အိမ်ထောင်လေ၏။
21. ဣဇာက်သည်၊ မိမိမယားရေဗက္ကမြုံသောကြောင့်၊ ထာဝရဘုရားကို တောင်းပန်၍၊ ထာဝရဘုရားနားထောင်တော်မူသဖြင့်၊ သူ၏မယားသည် ပဋိသန္ဓေ စွဲယူလေ၏။
22. ဝမ်းအတွင်း၌ တည်သောသူငယ်တို့သည်၊ အချင်းချင်းတိုက်ခိုက်ကြ၏။ အမိကလည်း၊ ထိုသို့ဖြစ်၍ ငါ၌အဘယ်အမှုရောက်ပါလိမ့်မည်နည်းဟု ဆိုသဖြင့်၊ ထာဝရဘုရားကို မေးလျှောက်ခြင်းငှါသွားလေ၏။
23. ထာဝရဘုရားကလည်း၊ သင်၏ဝမ်းအတွင်း၌ လူမျိုးနှစ်မျိုးရှိ၏။ သင်၏ဝမ်းထဲက ခြားနားသောလူစုနှစ်စုကို ဘွားရလိမ့်မည်။ လူတမျိုးသည် တမျိုးထက် အားကြီးလိမ့်မည်။ အကြီးသည်အငယ်၌ ကျွန်ခံရလိမ့်မည်ဟု မိန့်တော်မူ၏။
24. ဘွားချိန်စေ့သောအခါ၊ သူ၏ဝမ်း၌သားအမွှာရှိသဖြင့်၊
25. အဦးဘွားသောသားသည်၊ အမွေးပါသောအဝတ်ကဲ့သို့ဖြစ်၍၊ တကိုယ်လုံးအဆင်းနီ၏။ သူ့ကို ဧသောဟူသောအမည်ဖြင့် မှည့်ကြ၏။