21. ဣဇာက်သည်၊ မိမိမယားရေဗက္ကမြုံသောကြောင့်၊ ထာဝရဘုရားကို တောင်းပန်၍၊ ထာဝရဘုရားနားထောင်တော်မူသဖြင့်၊ သူ၏မယားသည် ပဋိသန္ဓေ စွဲယူလေ၏။
22. ဝမ်းအတွင်း၌ တည်သောသူငယ်တို့သည်၊ အချင်းချင်းတိုက်ခိုက်ကြ၏။ အမိကလည်း၊ ထိုသို့ဖြစ်၍ ငါ၌အဘယ်အမှုရောက်ပါလိမ့်မည်နည်းဟု ဆိုသဖြင့်၊ ထာဝရဘုရားကို မေးလျှောက်ခြင်းငှါသွားလေ၏။
23. ထာဝရဘုရားကလည်း၊ သင်၏ဝမ်းအတွင်း၌ လူမျိုးနှစ်မျိုးရှိ၏။ သင်၏ဝမ်းထဲက ခြားနားသောလူစုနှစ်စုကို ဘွားရလိမ့်မည်။ လူတမျိုးသည် တမျိုးထက် အားကြီးလိမ့်မည်။ အကြီးသည်အငယ်၌ ကျွန်ခံရလိမ့်မည်ဟု မိန့်တော်မူ၏။
24. ဘွားချိန်စေ့သောအခါ၊ သူ၏ဝမ်း၌သားအမွှာရှိသဖြင့်၊
25. အဦးဘွားသောသားသည်၊ အမွေးပါသောအဝတ်ကဲ့သို့ဖြစ်၍၊ တကိုယ်လုံးအဆင်းနီ၏။ သူ့ကို ဧသောဟူသောအမည်ဖြင့် မှည့်ကြ၏။
26. ထိုနောက်မှ သူ့ညီသည်၊ အစ်ကိုဧသော၏ဖနှောင့်ကိုကိုင်လျက် ဘွားလာ၏။ သူ့ကိုကား၊ ယာကုပ်အမည်ဖြင့် မှည့်ကြ၏။ ထိုသားနှစ်ယောက်ကို ဘွားသောအခါ၊ ဣဇာက်သည် အသက်ခြောက်ဆယ်ရှိသတည်း။
27. သူငယ်တို့သည်ကြီးပွား၍၊ ဧသောကား လိမ္မာသော တောသားမုဆိုးဖြစ်လေ၏။ ယာကုပ်ကားတဲ၌နေတတ်၍ စိတ်ကောင်းသောသူဖြစ်၏။
28. ဣဇာက်သည်၊ ဧသောပေးသောအမဲသားကိုစားလေ့ရှိသောကြောင့် သူ့ကိုချစ်၏။ ရေဗက္ကမူကားယာကုပ်ကို ချစ်၏။
29. တနေ့သ၌၊ ယာကုပ်သည် စားစရာကို ချက်ပြုတ်စဉ်တွင်၊ ဧသောသည် တောမှလာ၍ မောသောကြောင့်၊
30. ယာကုပ်အား၊ ထိုနီသောစားစရာနှင့် ငါ့ကိုကျွေးပါလော့၊ ငါမောပါသည်ဟုဆိုလေ၏။ ထိုကြောင့် သူ၏နာမည်ကိုဧဒုံဟုတွင်သတည်း။
31. ယာကုပ်ကလည်း၊ ယနေ့ပင် သင်၏သားဦးအရာကို၊ ငါ့အားရောင်းပါဟုဆိုလျှင်၊
32. ဧသောက၊ ငါသေလုပြီ။ သားဦးအရာအားဖြင့် အဘယ်အကျိုး ရှိပါလိမ့်မည်နည်းဟုဆို၏။