2. ထိုမိန်းမသည် ဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဗက်၊ ရှုအာတို့ကို ဘွားမြင်လေ၏။
3. ယုတ်ရှန်သားကား၊ ရှေဘနှင့် ဒေဒန်တည်း။ ဒေဒန်သားကား၊ အာရှုရိမ်လူ၊ လေတုရှိမ်လူ၊ လုမ်မိမ်လူတည်း။
4. မိဒျန်သားကား၊ ဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒ၊ ဧလဒါတည်း။ ထိုသူအပေါင်းတို့ကား ကေတုရအနွယ်ဖြစ်ကြသတည်း။
5. အာဗြဟံသည်၊ မိမိဥစ္စာရှိသမျှကို ဣဇာက်အားပေးလေ၏။
6. မယားငယ်တို့၌ရသောသားတို့အားလည်း၊ မိမိအသက်ရှင်စဉ်တွင် ဆုလပ်များကိုဝေပေး၍၊ သားဣဇာက်ထံမှ အရှေ့ပြည်သို့ လွှတ်လိုက်လေ၏။
7. ထိုနောက် အာဗြဟံသည် အသက်ကြီးရင့်၍၊ အိုမင်းခြင်း၊ နေ့ရက် ကာလပြည့်စုံခြင်းနှင့်တကွ၊ အသက်ပေါင်း တရာခုနစ်ဆယ်ငါးနှစ်ရှိသော်၊
8. အသက်ချုပ်၍ အနိစ္စဖြစ်သဖြင့်၊ မိမိလူမျိုးစည်းဝေးရာသို့ ရောက်လေ၏။
9. သားဣဇာက်နှင့် ဣရှမေလတို့သည်၊ မံရေမြို့ရှေ့မှာ၊ ဟိတ္တိအမျိုးသား၊ ဇောရသားဧဖရုန်၏လယ်ပြင်တွင်၊ မပ္ပေလမြေတွင်း၌ အဘကိုသင်္ဂြိုဟ်ကြ၏။
10. ဟေသအမျိုးသားတို့အား အဘိုးပေး၍ အာဗြဟံဝယ်သောလယ်ပြင်၌၊ အာဗြဟံနှင့် မယားစာရာတို့ကို သင်္ဂြိုဟ်ကြသတည်း။