49. ယခုတွင်သင်တို့သည်၊ ကျွန်ုပ်သခင်၌ သစ္စာနှင့်ကျေးဇူးပြုမည်၊ မပြုမည်ကိုပြောပါ။ ကျွန်ုပ်သည်လည်း၊ လက်ျာလမ်းဖြစ်စေ၊ လက်ဝဲလမ်းဖြစ်စေ၊ တလမ်းလမ်းသို့ လိုက်သွားပါမည်ဟု ပြောဆို၏။
50. လာဗန်နှင့် ဗေသွေလတို့ကလည်း၊ ဤအမှုသည် ထာဝရဘုရား စီရင်တော်မူသောအမှုဖြစ်၏။ အကျွန်ုပ်တို့သည်၊ သင့်အား ကောင်းမကောင်းကို မပြောနိုင်ပါ။
51. ရေဗက္ကသည် သင့်ရှေ့၌ရှိပါ၏။ ယူသွားပါလော့။ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ သင်၏သခင်သား၏မယားဖြစ်စေဟု ပြန်ဆို၏။
52. ထိုစကားကိုကြားလျှင်၊ အာဗြဟံကျွန်သည် ဦးညွှတ်ချ၍၊ ထာဝရဘုရားကို ကိုးကွယ်ပြီးမှ၊
53. ငွေဖလား၊ ရွှေဖလား၊ အဝတ်တန်ဆာများကိုထုတ်၍ ရေဗက္ကအားပေး၏။ သူ၏အမိ၊ မောင်အားလည်း၊ အဘိုးထိုက်သော လက်ဆောင်ကိုပေး၏။
54. သူနှင့်သူ၏အဘော်အပေါင်းတို့သည်၊ စားသောက်၍ ညဉ့်ကိုလွန်စေပြီးမှ၊ နံနက်ယံ၌ထလျက်၊ ကျွန်ုပ်သည်၊ သခင်ထံသို့ပြန်ပါရစေဟု ဆိုလေသော်၊
55. မောင်နှင့် အမိက၊ မိန်းမကလေးသည်၊ ကျွန်ုပ်တို့ထံမှာ၊ ဆယ်ရက်ခန့်လောက်နေပါစေဦး။ နောက်မှ၊ သူ့ကိုသွားပါစေမည်ဟု ဆိုကြ၏။
56. ထိုသူကလည်း၊ ကျွန်ုပ်ကိုမဆီးတားပါနှင့်။ ထာဝရဘုရားသည်၊ ကျွန်ုပ်ရောက်လာသောအမှုကို ပြုစုတော်မူပြီ။ ကျွန်ုပ်သည် သခင်ထံသို့သွားရသော အခွင့်ကိုပေးပါလော့ဟုဆိုလျှင်၊
57. သူတို့က၊ မိန်းကလေးကိုခေါ်၍၊ သူ့အလိုကိုမေးပါဦးမည်ဟုဆိုသည်နှင့်၊
58. ရေဗက္ကကိုခေါ်၍ သင်သည် ဤလူနှင့်အတူယခုလိုက်မည်လောဟု မေးသောအခါ၊ ကျွန်ုပ်လိုက်ပါမည်ဟုဆို၏။
59. သို့ဖြစ်၍၊ မိမိနှမရေဗက္ကနှင့် သူ၏အထိန်းကို၎င်း၊ အာဗြဟံကျွန်နှင့် သူ၏လူတို့ကို၎င်းလွှတ်လိုက်ကြ၏။
60. ရေဗက္ကကိုလည်း၊ သင်သည် ကျွန်ုပ်တို့၏နှမဖြစ်၏။ အသောင်းအသိန်းတို့၏အမိဖြစ်ပါစေသော။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏ တံခါးများကိုအစိုးရပါစေသောဟု ကောင်းကြီးပေးကြ၏။
61. ရေဗက္ကနှင့် သူ၏မိန်းမငယ်တို့သည်ထ၍၊ ကုလားအုပ်ကိုစီးလျက်၊ ထိုယောက်ျားနှင့်အတူလိုက်ကြ၏။ ထိုသို့ အာဗြဟံကျွန်သည် ရေဗက္ကကိုဆောင်သူ သွားလေ၏။