17. ကျွန်သည်လည်း၊ ထိုမိန်းမနှင့်တွေ့ခြင်းငှါပြေး၍၊ သင်၏ရေဘူး၌ ရေအနည်းငယ်ကို သောက်ပါရစေဟုဆိုလေသော်၊
18. မိန်းမက၊ သောက်ပါလော့အရှင်ဟုဆိုသဖြင့်၊ မိမိလက်ပေါ်မှာ၊ အလျင်အမြန်ရေဘူးကိုချ၍၊ ရေကို ပေးလေ၏။
19. ရေကိုပေးပြီးလျှင်၊ သင်၏ကုလားအုပ်တို့သည်လည်း၊ ဝစွာ သောက်စရာဘို့ရေခပ်ပါမည်ဟု ဆိုသည်အတိုင်း၊
20. အလျင်အမြန်ဘူး၌ရှိသောရေကို ရေတိုက်ခွက်ထဲ၌လောင်းပြီးလျှင်၊ တဖန်ခပ်ခြင်းငှါရေတွင်းသို့ပြေး၍၊ ကုလားအုပ်အဘို့ ရေခပ်လေ၏။
21. ယောက်ျားသည် ထိုမိန်းမကိုအံ့ဩ၍၊ မိမိ ရောက်လာသောအမှုကို ထာဝရဘုရားပြုစုတော်မူသည်၊ မမူသည်ကိုသိလို၍၊ တိတ်ဆိတ်စွာ နေလေ၏။
22. ကုလားအုပ်များကို ရေသောက်စေပြီးသောနောက်၊ ယောက်ျားသည်၊ အချိန်ငါးမူးရှိသော ရွှေနှာဆွဲ၊ အကျပ်တဆယ်အချိန်ရှိသော ရွှေလက်ကောက်တရံကို ထုတ်၍၊
23. သင်သည် အဘယ်သူ၏သမီးဖြစ်သနည်း။ ကျွန်ုပ်ကိုပြောပါ။ သင်၏အဘအိမ်၌ ကျွန်ုပ်တို့တည်းခိုစရာအရပ်ရှိသလောဟု မေးလေသော်၊
24. မိန်းမက၊ ကျွန်ုပ်သည် နာခေါ်၏မယားမိလခါဘွားမြင်သော၊ ဗေသွေလ၏သမီးဖြစ်သည်ဟူ၍၎င်း၊
25. ကျွန်ုပ်တို့၌ မြက်ခြောက်များ၊ စားဘွယ်သောက်ဘွယ်များနှင့် တည်းခိုစရာအရပ်လည်းရှိသည်ဟူ၍၎င်း ဆိုလေ၏။
26. ထိုအခါယောက်ျားသည် ဦးညွှတ်ချ၍ ထာဝရဘုရားကိုကိုးကွယ်လျက်၊
27. ကရုဏာ၊ သစ္စာတော်ကို အကျွန်ုပ်သခင်မှ ရုပ်သိမ်းတော်မမူသော၊ အကျွန်ုပ်သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။ လမ်းမှာသွားလျက်ရှိသော အကျွန်ုပ်ကို ထာဝရဘုရားသည် အကျွန်ုပ်သခင်၏ညီအစ်ကိုတို့အိမ်သို့ ပို့ဆောင်တော်မူပါသည်တကားဟု မြွက်ဆို၏။