1. ထိုနောက်မှ ဘုရားသခင်သည်၊ အာဗြဟံကိုစုံစမ်းခြင်းငှါ၊ အာဗြဟံဟု ခေါ်တော်မူ၍ အာဗြဟံက၊ အကျွန်ုပ်ရှိပါ၏ဟုလျှောက်လျှင်၊
2. သင်သည် အလွန်ချစ်သောတစ်ယောက်တည်းသော သားဣဇာက်ကိုယူ၍ မောရိပြည်သို့သွားလော့။ ငါပြလတံ့သောတောင်ပေါ်မှာ သူ့ကိုမီးရှို့ရာယဇ်ပြု၍ ပူဇော်လော့ဟု မိန့်တော်မူ၏။
3. အာဗြဟံသည် နံနက်စောစောထ၍၊ မြည်းကိုကုန်းနှီးတင်ပြီးလျှင်၊ မိမိသားဣဇာက်နှင့် ငယ်သားနှစ်ယောက်ကိုခေါ်၍ ယဇ်ရှို့စရာထင်းကိုခွဲပြီးမှ၊ ဘုရားသခင်မိန့်တော်မူသောအရပ်သို့ ထသွားလေ၏။
4. သုံးရက်မြောက်သောနေ့၌ မြော်ကြည့်၍၊ ထိုအရပ်ကိုအဝေးကမြင်လျှင်၊
5. ငယ်သားနှစ်ယောက်တို့အား၊ သင်တို့သည် ဤအရပ်၌မြည်းနှင့် အတူနေရစ်ကြလော့။ ငါသည်သားနှင့်အတူ ထိုအရပ်သို့သွား၍၊ ကိုးကွယ်ခြင်းကိုပြုအံ့။ ထိုအမှုပြီးမှ၊ သင်တို့ဆီသို့ပြန်လာဦးမည်ဟု ဆိုလေ၏။
6. ထိုအခါ ယဇ်ရှို့စရာထင်းကိုယူ၍ သားဣဇာက်အပေါ်မှာတင်ပြီးလျှင်၊ မီးနှင့်ထားကို မိမိလက်၌ကိုင်လျက်၊ နှစ်ယောက်အတူသွားကြ၏။
7. သွားကြစဉ်တွင်၊ ဣဇာက်သည် အဘအာဗြဟံကို အဘဟုခေါ်လျှင်၊ ငါ့သား၊ ငါရှိ၏ဟုထူးလေ၏။ ဣဇာက်ကလည်း မီးပါ၏၊ ထင်းလည်းပါ၏။ ယဇ်ရှို့စရာဘို့သိုးသငယ်သည် အဘယ်မှာရှိသနည်းဟုမေးလျှင်၊
8. အာဗြဟံက ငါ့သား၊ ယဇ်ရှို့စရာဘို့ သိုးသငယ်ကို ဘုရားသခင်သည် မိမိအဘို့ ပြင်ဆင်တော်မူလိမ့်မည်ဟု ဆိုလေ၏။
9. ထိုသို့နှစ်ယောက်အတူသွား၍၊ ဘုရားသခင်မိန့်တော်မူသောအရပ်သို့ ရောက်ကြသောအခါ၊ အာဗြဟံသည် ယဇ်ပလ္လင်ကိုတည်၍ ထင်းကိုခင်းပြီးလျှင်၊ သား ဣဇာက်ကိုချည်နှောင်၍၊ ယဇ်ပလ္လင်၌ ထင်းပေါ်မှာတင်ထား၏။
10. မိမိလက်ကိုဆန့်၍ သားကိုသတ်ခြင်းငှါ၊ ထားကိုကိုင်ယူလေ၏။
11. ထိုအခါ၊ ထာဝဘုရား၏ကောင်းကင်တမန်က၊ အာဗြဟံ၊ အာဗြဟံဟု ကောင်းကင်ပေါ်ကခေါ်လေ၏။ အာဗြဟံက၊ အကျွန်ုပ်ရှိပါ၏ဟုလျှောက်လျှင်၊
12. ထိုလုလင်ကို မထိမခိုက်နှင့်။ အလျှင်းမပြုနှင့်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည်ဟု ယခုငါသိ၏။ အကြောင်းမူကား၊ သင်၏သား သင်၌တယောက် တည်းသောသားကိုငါတောင်း၍ သင်သည်ငါ့ကိုမငြင်းဟု မိန့်တော်မူ၏။
13. ထိုအခါ အာဗြဟံသည်မြော်ကြည့်၍ မိမိနောက်မှ ချုံဖုတ်၌ ချိုညိလျက် ရှိသောသိုးကိုမြင်လေ၏။ ထိုသိုးကိုသွား၍ယူပြီးလျှင် မိမိသားကိုယ်စား မီးရှို့ရာယဇ်ပြု၍ ပူဇော်လေ၏။