12. သို့ရာတွင် ဘုရားသခင်က၊ ထိုသူငယ်နှင့် သင်၏ကျွန်မကြောင့်၊ ဤအမှုခက်သည်ဟု မထင်နှင့်။ စာရာပြောလေရာရာ၌ သူ၏စကားကို နားထောင်လော့။ အကြောင်းမူကား၊ ဣဇာက်၌သာ သင်၏အမျိုးတည်လိမ့်မည်။
13. ကျွန်မ၏သားသည် သင်၏အမျိုးဖြစ်သောကြောင့်၊ သူ့ကိုလည်း လူမျိုးဖြစ်စေမည်ဟု အာဗြံဟံအား မိန့်တော်မူ၏။
14. အာဗြဟံသည် နံနက်စောစောထ၍၊ မုန့်နှင့် ရေဘူးကိုယူသဖြင့်၊ ဟာဂရပခုံး၌တင်ပြီးလျှင်၊ သူငယ်ကိုအပ်၍ ကျွန်မကို လွှတ်လိုက်လေ၏။ သူသည်လည်းသွား၍ ဗေရရှေဘတော၌ လှည့်လည်လျက်နေ၏။
15. ဘူး၌ရေကုန်သောအခါ၊ သူငယ်ကို ချုံဖုတ်အောက်၌ထား၍၊
16. ငါသည်သူငယ်သေသည်ကို မမြင်လိုဟုဆိုလျက်၊ ခပ်ဝေးဝေးလေးတပစ်ခန့်လောက်သွားပြီးလျှင်၊ သူငယ်ရှေ့မှာ ထိုင်၍နေလေ၏။ ထိုသို့ထိုင်၍နေစဉ် သူသည်အသံကိုလွှင့်၍ ငိုကြွေးလေ၏။
17. ဘုရားသခင်သည် လုလင်၏အသံကိုကြားတော်မူ၍ ဘုရားသခင်၏ကောင်းကင်တမန်က၊ ဟာဂရ၊ သင်၌အဘယ်အမှုရှိသနည်း။ မစိုးရိမ်နှင့်။ လုလင်နေသောအရပ်ထဲက သူ၏အသံကို ဘုရားသခင်ကြားတော်မူပြီ။
18. ထလော့။ လုလင်ကိုကြွ၍ လက်နှင့်မလော့။ ငါသည်သူ့ကို လူမျိုးကြီးဖြစ်စေမည်ဟု ကောင်းကင်ထဲကခေါ်၍ ဟာဂရအားမြွက်ဆို၏။
19. ထိုအခါ ဘုရားသခင်သည် ဟာဂရ၏ မျက်စိကိုဖွင့်တော်မူသဖြင့်၊ သူသည်ရေတွင်းကိုမြင်လေသော်၊ သွား၍ဘူးကို ရေဖြည့်ပြီးလျှင်၊ လုလင်အားရေကို တိုက်လေ၏။
20. ထိုလုလင်ဘက်၌လည်း၊ ဘုရားသခင်ရှိတော်မူ၏။ သူသည် ကြီးပွား၍ တော၌နေသဖြင့်၊ လေးသမားဖြစ်လေ၏။
21. ပါရန်တော၌နေသည်ဖြစ်၍ သူ့အမိသည် အဲဂုတ္တုပြည်မှ မိန်းမတယောက်ကိုခေါ်၍ သူနှင့် စုံဘက်စေ၏။
22. ထိုရောအခါ၊ အဘိမလက်မင်းနှင့် ဗိုလ်ချုပ်မင်းဖိကောလတို့သည် အာဗြဟံကို ခေါ်၍၊ သင်သည်ပြုလေရာရာ၌ သင့်ဘက်မှာ ဘုရားသခင်ရှိတော်မူ၏။
23. သို့ဖြစ်၍ သင်သည်ငါ့ကို၎င်း၊ ငါ့သားကို၎င်း၊ ငါ့မြေးကို၎င်း၊ မလှည့်စား၊ ငါသည်သင်၌ကျေးဇူးပြုသကဲ့သို့ ငါ၌၎င်း၊ သင်တည်းနေရာ ငါ့ပြည်၌၎င်း၊ ကျေးဇူးပြုမည်ဟု ဘုရားသခင်ကိုတိုင်တည်၍ ငါ့အားကျိန်ဆိုပါလော့ဟု ပြောဆို၏။
24. အာဗြဟံကလည်း၊ ထိုအတိုင်းငါကျိန်ဆိုပါမည်ဟု ပြန်ပြောလေ၏။
25. အဘိမလက်မင်း၏ကျွန်တို့သည် အနိုင်အထက်လုယူသော ရေတွင်းအကြောင်းကြောင့်၊ အာဗြဟံသည်လည်း အဘိမလက်မင်းကို အပြစ်တင်လေ၏။