ကမ္ဘာ​ဦး 21:1-12 Judson Bible (BJB)

1. ထာဝရဘုရားသည်၊ အမိန့်တော်ရှိသည်အတိုင်း၊ စာရာကို အကြည့်အရှုကြွတော်မူ၍၊ ဂတိတော်ရှိသည်နှင့်လျော်စွာသူ၌ပြုတော်မူသဖြင့်၊

2. စာရာသည်ပဋိသန္ဓေစွဲယူ၍၊ ဘုရားသခင်အမိန့်တော်နှင့် ချိန်းချက်သောအချိန်၌၊ အာဗြဟံအသက်ကြီးသောအခါ၊ သူ့အားသားကိုဘွားလေ၏။

3. အာဗြဟံသည်လည်း၊ မိမိရသောသားတည်းဟူသော၊ စာရာဘွားသောသားကို ဣဇာက်အမည်ဖြင့် မှည့်လေ၏။

4. ဘုရားသခင်မှာထားတော်မူသည်အတိုင်း၊ အာဗြဟံသည်ရှစ်ရက်မြောက်သောနေ့၌၊ သားဣဇာက်ကို အရေဖျားလှီးမင်္ဂလာပေးလေ၏။

5. သားဣဇာက်ကိုမြင်ရသောအခါ အာဗြဟံသည် အသက်တရာရှိသတည်း။

6. စာရာကလည်း၊ ငါရယ်ရသောအခွင့်ကို ဘုရားသခင်ပေးတော်မူပြီ။ ဤသိတင်းကို ကြားသောသူအပေါင်းတို့သည်လည်း၊ ငါနှင့်အတူ ရယ်ကြလိမ့်မည်ဟူ၍၎င်း၊

7. စာရာသည်သားကိုနို့တိုက်လိမ့်မည်ဟု အာဗြဟံအား အဘယ်သူပြောနှင့်ရသနည်း။ သူသည်အသက်ကြီးသောအခါ၊ ငါသည်သားကို ဘွားပြီးဟူ၍၎င်း ဆိုလေ၏။

8. ထိုသူငယ်ဣဇာက်သည် ကြီးပွား၍ နို့နှင့်ကွာလေ၏။ နို့ကွာသောနေ့၌ အာဗြဟံသည် ပွဲကြီးလုပ်လေ၏။

9. အဲဂုတ္တအမျိုးသားဟာဂရတွင် အာဗြဟံရသောသားသည် ဆဲရေးသည်ကို စာရာသိမြင်လျှင်၊

10. ဤကျွန်မ၏သားသည် အကျွန်ုပ်၏သားဣဇာက်နှင့်အတူ အမွေမခံရဟု အာဗြဟံအား ဆိုလေ၏။

11. အာဗြဟံလည်း၊ မိမိသားဖြစ်သောကြောင့်၊ ထိုအမှုအလွန်ခက်သည်ဟု ထင်လေ၏။

12. သို့ရာတွင် ဘုရားသခင်က၊ ထိုသူငယ်နှင့် သင်၏ကျွန်မကြောင့်၊ ဤအမှုခက်သည်ဟု မထင်နှင့်။ စာရာပြောလေရာရာ၌ သူ၏စကားကို နားထောင်လော့။ အကြောင်းမူကား၊ ဣဇာက်၌သာ သင်၏အမျိုးတည်လိမ့်မည်။

ကမ္ဘာ​ဦး 21