ကမ္ဘာ​ဦး 2:8-19 Judson Bible (BJB)

8. ထာဝရအရှင်ဘုရားသခင်သည်လည်း အရှေ့မျက်နှာ၊ ဧဒင်အရပ်၌ဥယျာဉ်ကို စိုက်ပျိုးပြီးလျှင်၊ ဖန်ဆင်းတော်မူသောလူကို ထိုဥယျာဉ်၌ နေရာချတော်မူ၏။

9. ထိုမြေထဲက အဆင်းလှ၍၊ စားဘွယ်ကောင်းသော အပင်အမျိုးမျိုးကို ထာဝရအရှင်ဘုရားသခင် ပေါက်စေတော်မူ၏။ ထိုဥယျာဉ်အလယ်၌ အသက်ပင် လည်းရှိ၏။ ကောင်းမကောင်းကို သိကျွမ်းရာအပင်လည်းရှိ၏။

10. ထိုဥယျာဉ်ကို စိုစေလိုသောငှာ မြစ်တမြစ်သည် ဧဒင်အရပ်ထဲကစီးထွက်သဖြင့်၊ ဥယျာဉ်ပြင်မှာ လေးဖြာကွဲ၍ မြစ်မလေးသွယ်ဖြစ်လေ၏။

11. ပဌမမြစ်ကား ဖိရှုန်အမည်ရှိ၏။ ထိုမြစ်သည် ရွှေရှိသော ဟာဝိလပြည်နား တရှောက်လုံးကို စီးသွားလေ၏။

12. ထိုပြည်မှဖြစ်သောရွှေသည် ကောင်းလှ၏။

13. ဗဓေလသစ်စေးနှင့် ရှဟံကျောက်လည်းရှိ၏။ ဒုတိယမြစ်ကား ဂိဟုန်အမည်ရှိ၏။ ထိုမြစ်သည် ကုရှပြည်နားတရှောက်လုံးကို စီးသွားလေ၏။

14. တတိယမြစ်ကား ဟိဒကေလအမည်ရှိ၏။ ထိုမြစ်သည် အာရှုရိတိုင်း အရှေ့သို့စီးသွားလေ၏။ စတုတ္ထမြစ်ကား ဥဖရတ်အမည်ရှိ၏။

15. ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်ရှောက်စေခြင်းငှါ ထားတော်မူ၏။

16. ထာဝရအရှင်ဘုရားသခင်ကလည်း၊ ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး၊ ထိုဥယျာဉ်၌ ရှိသမျှသောအပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။

17. ထိုအပင်၏ အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကိုပညတ်ထားတော်မူ၏။

18. ထာဝရအရှင်ဘုရားသခင်ကလည်း၊ ယောက်ျားသည် တယောက်တည်းမနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူဘို့ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။

19. ထာဝရအရှင်ဘုရားသခင်သည် မြေတိရစ္ဆာန်တို့နှင့်၊ မိုဃ်းကောင်းကင်ငှက်အပေါင်းတို့ကို မြေဖြင့်ဖန်ဆင်းတော်မူပြီးလျှင်၊ လူသည် အဘယ်သို့ခေါ်ဝေါ်သမုတ်မည်ကို သိခြင်းငှာ၊ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။ လူသည်လည်း အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ခေါ်ဝေါ် သမုတ်သည့်အတိုင်း၊ နာမည်အသီးအသီးရှိကြ၏။

ကမ္ဘာ​ဦး 2