ကမ္ဘာ​ဦး 2:1-12 Judson Bible (BJB)

1. ထိုသို့ ကောင်းကင်မြေကြီးနှင့်တကွ ခပ်သိမ်းသောတန်ဆာတို့သည် ပြီးစီးလျက်ရှိကြ၏။

2. သတ္တမနေ့ရက်ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည်ဖြစ်၍၊ ဖန်ဆင်းသမျှသော အမူအရာတို့သည် ပြီးစီးပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။

3. ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။ အကြောင်းမူကား၊ ဖန်ဆင်းပြုပြင်တော်မူသော ထိုအမူအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့် ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။

4. ဤအကြောင်းအရာကား၊ ထာဝရအရှင်ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသောနေ့၊ ဖန်ဆင်းရာကာလ၌ ကောင်းကင်နှင့်မြေကြီး၏ မူလအတ္ထုပ္ပတ္တိပေတည်း။

5. မြေ၌ လယ်ယာပျိုးပင်မပေါက်မှီ၊ လယ်ယာ၌ စပါးပင်မကြီးပွားမှီ၊ အပင်ရှိသမျှတို့ကို ဖန်ဆင်းတော်မူ၏။ ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် မြေပေါ်၌ မိုဃ်းကိုရွာစေတော်မမူသေး။ မြေ၌လုပ်သောလူလည်း မရှိသေးသည်ဖြစ်၍၊

6. မြေမှအခိုးအငွေ့ထွက်သဖြင့် မြေတပြင်လုံးကို စိုစေလေ၏။

7. ထိုနောက်၊ ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍၊ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကိုမှုတ်တော်မူလျှင်၊ လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ၏။

8. ထာဝရအရှင်ဘုရားသခင်သည်လည်း အရှေ့မျက်နှာ၊ ဧဒင်အရပ်၌ဥယျာဉ်ကို စိုက်ပျိုးပြီးလျှင်၊ ဖန်ဆင်းတော်မူသောလူကို ထိုဥယျာဉ်၌ နေရာချတော်မူ၏။

9. ထိုမြေထဲက အဆင်းလှ၍၊ စားဘွယ်ကောင်းသော အပင်အမျိုးမျိုးကို ထာဝရအရှင်ဘုရားသခင် ပေါက်စေတော်မူ၏။ ထိုဥယျာဉ်အလယ်၌ အသက်ပင် လည်းရှိ၏။ ကောင်းမကောင်းကို သိကျွမ်းရာအပင်လည်းရှိ၏။

10. ထိုဥယျာဉ်ကို စိုစေလိုသောငှာ မြစ်တမြစ်သည် ဧဒင်အရပ်ထဲကစီးထွက်သဖြင့်၊ ဥယျာဉ်ပြင်မှာ လေးဖြာကွဲ၍ မြစ်မလေးသွယ်ဖြစ်လေ၏။

11. ပဌမမြစ်ကား ဖိရှုန်အမည်ရှိ၏။ ထိုမြစ်သည် ရွှေရှိသော ဟာဝိလပြည်နား တရှောက်လုံးကို စီးသွားလေ၏။

12. ထိုပြည်မှဖြစ်သောရွှေသည် ကောင်းလှ၏။

ကမ္ဘာ​ဦး 2