15. စာရာကလည်း ကျွန်မမရယ်ပါဟု၊ ကြောက်၍ ငြင်းလေ၏။ မဟုတ်ဘူး။ သင်ရယ်ပြီဟု မိန့်တော်မူ၏။
16. ထိုလူတို့သည် ထိုအရပ်ကထ၍ သောဒုံမြို့သို့ မျက်နှာပြုလျက်သွားကြ၏။ အာဗြဟံသည်လည်း သူတို့ကိုပို့ခြင်းငှါ လိုက်လေ၏။
17. ထာဝရဘုရားကလည်း၊ ငါပြုမည်အမှုကို အာဗြဟံအား မဘော်မပြဘဲ ဝှက်ထားရမည်လော။
18. အာဗြဟံသည်ကြီးမြတ်၍၊ တန်ခိုးနှင့်ပြည့်စုံသောလူမျိုးဖြစ်လိမ့်မည်။ လူမျိုးအပေါင်းတို့သည် သူ့အားဖြင့်ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။
19. အကြောင်းမူကား၊ သူသည် မိမိနောက်၌ဖြစ်သောသားများ၊ အိမ်သူများတို့အား ပညတ်မည်အရာကို ငါသိ၏။ သူတို့သည်လည်း ထာဝရဘုရား၏တရားလမ်းသို့ လိုက်၍ ဟုတ်မှန်ဖြောင့်မတ်စွာ ကျင့်ကြလိမ့်မည်။ သို့ဖြစ်၍ ဂတိတော်ရှိသည့်အတိုင်း၊ ထာဝရဘုရားသည် အာဗြဟံ၌ပြုရသော အခွင့်ရှိလိမ့်မည်ဟု အကြံတော်ရှိ၏။
20. တဖန်ထာဝရဘုရားက၊ သောဒုံမြို့၊ ဂေါမောရမြို့၌ ကြွေးကြော်သော အသံသည်ကြီး၍၊ အလွန်အပြစ်လေးသောကြောင့်၊
21. ယခုငါသွား၍ ငါ့ရှေ့သို့ရောက်ခဲ့ပြီးသော ကြွေးကြော်ခြင်းရှိသည်အတိုင်း၊ သူတို့သည် အမှန်ပြုသည် မပြုသည်ကို ငါကြည့်ရှုမည်။ မပြုလျှင် မပြုကြောင်းကို ငါသိမည်ဟု မိန့်တော်မူ၏။
22. ထိုသူတို့သည် ထိုအရပ်မှမျက်နှာလှည့်၍ သောဒုံမြို့သို့သွားကြ၏။ အာဗြံဟံမူကား၊ ထာဝရဘုရားရှေ့တော်၌ ရပ်နေလျက်ရှိသေး၏။
23. ထိုအခါ အာဗြဟံချဉ်းကပ်၍၊ ကိုယ်တော်သည် ဖြောင့်မတ်သောသူတို့ကို၊ မတရားသောသူတို့နှင့်တကွ ဖျက်ဆီးတော်မူမည်လော။
24. ထိုမြို့တွင် ဖြောင့်မတ်သောသူငါးဆယ်ရှိလျှင်၊ ဖျက်ဆီးတော်မူမည်လော။ ဖြောင့်မတ်သောသူ ငါးဆယ်ပါသောမြို့ကို သူတို့အတွက်မနှမြောဘဲ ဖျက်ဆီးတော် မူမည်လော။
25. ထိုသို့ပြု၍ ဖြောင့်မတ်သောသူတို့ကို မတရားသောသူတို့နှင့်တကွ ကွပ်မျက်ခြင်းအမှုသည် ကိုယ်တော်နှင့်ဝေးပါစေသတည်း။ ဖြောင့်မတ်သောသူတို့ကို မတရားသောသူတို့ကဲ့သို့ခံစေသောအမှုသည် ကိုယ်တော်နှင့်ဝေးပါစေသတည်း။ မြေကြီးလုံးကို စီရင်တော်မူသောသခင်သည်၊ တရားသဖြင့် ပြုတော်မူမည် မဟုတ်လောဟု ေလျှာက်ဆို၏။
26. ထာဝရဘုရားကလည်း၊ သောဒုံမြို့၌ ဖြောင့်မတ်သောသူငါးဆယ်ကို ငါတွေ့လျှင်၊ သူတို့အတွက် ထိုအရပ်လုံးကို ငါနှမြောမည်ဟု မိန့်တော်မူ၏။
27. တဖန်အာဗြဟံက၊ အကျွန်ုပ်သည်မြေမှုန့်နှင့် ပြာသက်သက်ဖြစ်သော်လည်း၊ ဘုရားရှင်ကိုယခုလျှောက်မည်ဟု အားထုတ်ပါ၏။
28. ဖြောင့်မတ်သောသူငါးဆယ်တို့တွင် ငါးယောက်မပြည့်လျှင်၊ ထိုငါးယောက်မပြည့်သောအတွက်ကြောင့်၊ ထိုမြို့လုံးကို ဖျက်ဆီးတော်မူမည်လောဟု မေးလျှောက်ပြန်သော်၊ ထိုမြို့၌လေးဆယ့်ငါးယောက်ကိုငါတွေ့လျှင်၊ ငါမဖျက်ဆီးဟု မိန့်တော်မူ၏။
29. တဖန်တုံ၊ ထိုမြို့၌ လေးဆယ်ကိုတွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုလေးဆယ်အတွက်ငါမပြုဘဲနေမည်ဟု မိန့်တော်မူ၏။
30. တဖန်တုံ၊ အိုဘုရားရှင်၊ စိတ်ရှိတော်မမူပါနှင့်၊ အကျွန်ုပ်လျှောက်ပါရစေ။ ထိုမြို့၌သုံးဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်ဟု လျှောက်ဆိုပြန်လျှင်၊ ထိုမြို့၌ သုံးဆယ်ကိုငါတွေ့လျှင်၊ ငါမပြုဟုမိန့်တော်မူ၏။