ကမ္ဘာ​ဦး 18:1-13 Judson Bible (BJB)

1. ထာဝရဘုရားသည် မံရေသပိတ်တောနားမှာ၊ အာဗြဟံအားထင်ရှားတော်မူသည် အကြောင်းအရာဟူမူကား၊ နေပူသောအချိန်တွင် အာဗြဟံသည် တဲတံခါးဝ၌ ထိုင်လျက်၊

2. မြော်ကြည့်၍၊ မိမိရှေ့မှာ လူသုံးယောက်ရပ်နေကြသည်ကို မြင်သောအခါ၊ ခရီးဦးကြိုပြုခြင်းငှါ တဲတံခါးဝမှပြေး၍ မြေသို့ဦးညွတ်ချလျက်၊

3. အကျွန်ုပ်သခင်၊ ရှေ့တော်၌အကျွန်ုပ်သည် မျက်နှာရလျှင် ကိုယ်တော်ကျွန်မှ လွန်၍မသွားပါနှင့်။

4. ရေအနည်းငယ်ကို ယူခဲ့ပါရစေ။ ခြေကိုဆေးပြီးလျှင် သစ်ပင်အောက်၌ လျောင်းနေကြပါလော့။

5. မုန့်အနည်းငယ်ကိုလည်းယူခဲ့ပါမည်။ အမောအပန်းပြေသောအခါ သွားကြပါလော့။ ထိုသို့သော ကျေးဇူးတော်ကိုခံစေခြင်းငှါ၊ ကိုယ်တော်ကျွန်ရှိရာသို့ ရောက်ပါပြီဟုဆို၏။ ထိုသူတို့ကလည်း၊ ပြောသည်အတိုင်းပြုပါလော့ဟု ဆိုကြ၏။

6. အာဗြဟံသည်လည်း၊ တဲအတွင်း၌ရှိသော စာရာဆီသို့ အလျင်အမြန်ဝင်ပြီးလျှင်၊ ဂျုံမုန့်ညက်သုံးစလယ်ကို အသော့ပြင်၍ နယ်ပါ။ ပေါင်မုန့်ကိုလုပ်ပါဟုဆိုလေ၏။

7. တဖန်နွားစုသို့ပြေး၍ နုထွားကောင်းမွန်သောနွားသငယ်ကိုယူခဲ့၍၊ လုလင်၌အပ်သဖြင့် မြန်မြန်ပြင်ဆင်စေ၏။

8. ထိုနောက် နို့နှင့်နို့ဓမ်းကို၎င်း၊ ပြင်ဆင်သော နွားသငယ်ကို၎င်းယူ၍၊ ထိုသူတို့ရှေ့၌ထည့်ပြီးလျှင်၊ သစ်ပင်အောက်၊ သူတို့အနားမှာရပ်နေ၍၊ သူတို့သည် စားကြ၏။

9. ပြီးသောအခါ၊ သင်၏မယားစာရာသည် အဘယ်မှာရှိသနည်းဟုမေးကြလျှင်၊ တဲအတွင်း၌ရှိပါသည်ဟု ပြန်ပြော၏။

10. ထိုသူတို့တွင် တပါးကလည်း၊ ဘွားချိန်စေ့သောအခါ၊ ငါသည် သင့်ဆီသို့ ဆက်ဆက်ပြန်လာဦးမည်။ ထိုအခါသင်၏မယားစာရာသည် သားကိုရလိမ့်မည်ဟု ပြောဆို၏။ ထိုသို့ဆိုသောသူ၏နောက်၌ တံခါးဝအနားမှာ၊ စာရာရှိသောကြောင့် ထိုစကားကိုကြား၏။

11. ထိုအခါ အာဗြဟံနှင့် စာရာသည် အသက်အရွယ်ကြီးရင့်လှပြီ။ စာရာသည် မိန်းမတို့၌ ဥတုရောက်မြဲရှိသည့်အတိုင်း မရောက်ပြီ။

12. ထိုကြောင့် စာရာက၊ ငါလည်းအိုပြီ၊ ငါ့သခင်လည်းအိုပြီ၊ သို့ဖြစ်၍ ငါသည် ပျော်မွေ့ခြင်းရှိလိမ့်မည်လောဟုဆိုလျက်၊ တိတ်ဆိတ်စွာရယ်လေ၏။

13. သင်၏မယားစာရာက၊ အကယ်၍ ငါသည်အိုပြီးမှ၊ သားကို ဘွားလိမ့်မည်လောဟုဆိုလျက်၊ အဘယ်ကြောင့် ရယ်သနည်း။

ကမ္ဘာ​ဦး 18