ကမ္ဘာ​ဦး 15 Judson Bible (BJB)

1. ထိုနောက်မှဗျာဒိတ်တော်အားဖြင့်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် အာဗြံသို့ရောက်၍၊ အချင်းအာဗြံ၊ မစိုးရိမ်နှင့်။ ငါသည် သင်၏အကွယ်အကာဖြစ်၏။ သင်၏အကျိုးသည်အလွန်ကြီးလှ၏ဟု မိန့်တော်မူလျှင်၊

2. အာဗြံက၊ အရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် သားမရှိဘဲသွားရပါ၏။ ဤဒမာသက်မြို့သား ဧလျာဇာသည် အကျွန်ုပ်၏ အမွေခံဖြစ်ရပါ၏။ သို့ဖြစ်၍ အဘယ်ကျေးဇူးကိုပြုတော်မူပါမည်နည်းဟု လျှောက်ဆို၏။

3. တဖန်အာဗြံက အကျွန်ုပ်အားအမျိုးအနွယ်ကို ပေးတော်မမူပါ။ အကျွန်ုပ်၏ အိမ်၌ဘွားသောသူသည် အကျွန်ုပ်၏အမွေခံဖြစ်ရပါသည်တကားဟု လျှောက်ဆို၏။

4. တဖန် ထာဝရဘုရား၏နှုတ်ကပတ်တော် ရောက်လာသည်ကား၊ ဤသူသည် သင်၏အမွေခံမဖြစ်ရ။ သင်၏ကိုယ်ထဲကထွက်သောသူသည် သင်၏ အမွေခံဖြစ်လိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊

5. အာဗြံကိုပြင်သို့ ထုတ်ဆောင်တော်မူ၍၊ မိုဃ်းကောင်းကင်ကို မြော်ကြည့်လော့။ ကြယ်များကို ရေတွက်နိုင်လျှင် ရေတွက်လော့။ သင်၏အမျိုးအနွယ်သည် ထိုသို့ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။

6. အာဗြံသည် ထာဝရဘုရားကိုယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။

7. တဖန်၊ ငါသည် ဤပြည်ကိုသင်အမွေခံစရာဘို့၊ သင်အားပေးလိုသောငှါ၊ ခါလဒဲပြည်သားတို့နေသောဥရမြို့မှ သင့်ကိုထုတ်ဆောင်သော ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူလျှင်၊

8. အရှင်ထာဝရဘုရား၊ ဤပြည်ကို အကျွန်ုပ်အမွေခံရမည်ကို အဘယ်သို့ သိရပါအံ့နည်းဟု မေးလျှောက်လေ၏။

9. ထာဝရဘုရားကလည်း၊ သုံးနှစ်အသက်ရှိသောနွားမတကောင်၊ သုံးနှစ်အသက်ရှိသောဆိတ်တကောင်၊ သုံးနှစ်အသက်ရှိသောသိုးထီးတကောင်၊ ချိုးတကောင်၊ ခိုသငယ်တကောင်တို့ကိုငါဘို့ယူလော့ဟု မိန့်တော်မူသည်အတိုင်း၊

10. ထိုတိရစ္ဆာန်အပေါင်းတို့ကိုယူ၍၊ တကောင်တကောင်ကို ထက်ဝက်စီ ခွဲပြီးလျှင်၊ ခွဲသောအသားတို့ကို အဘက်တချက်၌ထားလေ၏။ ငှက်ကောင်တို့ကိုမခွဲ။

11. ငှက်ရဲတို့သည် အသေကောင်တို့အပေါ်သို့ ဆင်းလာသောအခါ၊ အာဗြံသည်နှင်လေ၏။

12. နေဝင်သောအခါ၊ အာဗြံသည် ကြီးသောအိပ်ခြင်းဖြင့် အိပ်ပျော်လျက်၊ ထူသောမှောင်မိုက်နှင့်တွေ့၍၊ ထိတ်လန့်ခြင်းသို့ ရောက်လေ၏။

13. ထာဝရဘုရားကလည်း၊ သင်၏အမျိုးအနွယ်သည်၊ သူတပါးပိုင်သောပြည်၌ ဧည့်သည်ဖြစ်ကြသဖြင့်၊ သူတပါးတို့၌ကျွန်ခံခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ်လေးရာပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ်လော့။

14. သူတို့ကို စေခိုင်းသောလူမျိုးကိုလည်း ငါစီရင်မည်။ ထိုနောက်မှ၊ သူတို့သည် များစွာသောဥစ္စာနှင့် ထွက်ကြလိမ့်မည်။

15. သင်သည်ဘိုးဘေးတို့ထံသို့ ငြိမ်ဝပ်စွာသွားရလိမ့်မည်။ အသက်ကြီးရင့်လျက် သင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။

16. လူမျိုးလေးဆက်လွန်သောအခါ၊ သူတို့သည် ဤပြည်သို့ပြန်လာကြလိမ့်မည်။ အာမောရိအမျိုးသားတို့၏ဒုစရိုက်အပြစ်သည် မစုံလင်သေးဟု အာဗြံအား မိန့်တော်မူ၏။

17. တဖန် နေဝင်၍မိုက်သောအခါ၊ ခွဲထားသောအသားအလယ်၌၊ မီးခိုးထွက်သောမီးဖို၊ မီးထွန်းလင်းသောမီးခွက်သည် ထင်ရှားစွာ ရှောက်သွားလေ၏။

18. ထိုနေ့၌ ထာဝရဘုရားသည် အာဗြံနှင့်ပဋိညာဉ်ပြုတော်မူလျက်၊ အဲဂုတ္တု မြစ်မှစ၍ မြစ်ကြီးတည်းဟူသော၊ ဥဖရတ်မြစ်တိုင်အောင်၊ ဤပြည်ကို၎င်း၊

19. ကေနိလူ၊ ကေနဇိလူ၊ ကာဒမောနိလူ၊

20. ဟိတ္တိလူ၊ ဖေရဇိလူ၊ ရေဖိမ်လူ၊ အာမောရိလူ၊ ခါနနိလူ၊ ဂိရဂါရှိလူ၊ ယေဗုသိလူတို့ကို၎င်း၊

21. သင်၏အမျိုးအနွယ်အား ငါအပ်ပေးပြီဟုမိန့်တော်မူ၏။