ကမ္ဘာ​ဦး 13:9-18 Judson Bible (BJB)

9. မြေတပြင်လုံးသည် သင့်ရှေ့မှာရှိသည်မဟုတ်လော့။ ငါနှင့်ခွာ၍နေပါလော့။ သင်သည် လက်ဝဲဘက်သို့သွားလျှင်၊ ငါသည်လက်ျာဘက်သို့သွားမည်။ သင်သည် လက်ျာဘက်သို့သွားလျှင်၊ ငါသည် လက်ဝဲဘက်သို့သွားမည်ဟု ဆို၏။

10. ထိုကာလအခါ၊ သောဒုံမြို့နှင့် ဂေါမောရမြို့ကို ထာဝရဘုရား ဖျက်ဆီးတော်မမူမှီ၊ ဇောရမြို့သို့သွားသောလမ်း၊ ယော်ဒန်မြစ်ပတ်ဝန်းကျင်အရပ်ရပ်၌ ရေများ၍ ထာဝရဘုရား၏ဥယျာဉ်တော်ကဲ့သို့၎င်း အဲဂုတ္တုပြည်ကဲ့သို့၎င်းဖြစ်သည်ကို၊ လောတမြော်ကြည့်၍မြင်လျှင်၊

11. ယော်ဒန်ချိုင့်တရှောက်လုံးကို ရွေးချယ်၍၊ အရှေ့သို့ပြောင်းသွားသဖြင့်၊ အချင်းချင်း တဦးနှင့်တဦးကွဲပြားကြ၏။

12. အာဗြံသည် ခါနာန်ပြည်၌နေလေ၏။ လောတမူကား၊ မြစ်ပတ်ဝန်းကျင်မြို့တို့တွင်နေ၍၊ သောဒုံမြို့နားမှာ တဲကိုဆောက်လေ၏။

13. သောဒုံမြို့သားတို့သည် ဆိုးသောသူ၊ ထာဝရဘုရားရှေ့၌၊ အလွန်အပြစ်များသောသူ ဖြစ်ကြသတည်း။

14. လောတသည် အာဗြံနှင့်ခွါ၍သွားပြီးမှ၊ ထာဝရဘုရားသည် အာဗြံကိုခေါ်၍၊ သင်ရှိသောအရပ်က၊ တောင်၊ မြောက်၊ အရှေ့၊ အနောက်သို့မြော်ကြည့်လော့။

15. သင်မြင်သော မြေတပြင်လုံးကို၊ သင်နှင့် သင်၏အမျိုးအနွယ်အား၊ ငါသည်ကာလအစဉ်အမြဲပေးမည်။

16. သင်၏အမျိုးအနွယ်ကို မြေမှုန့်ကဲ့သို့ငါများပြားစေမည်။ သို့ဖြစ်၍ လူသည်မြေမှုန့်ကိုရေတွက်နိုင်လျှင်၊ သင်၏အမျိုးအနွယ်ကို ရေတွက်နိုင်ကြလိမ့်မည်။

17. သင်ထ၍မြေကို အလျားအားဖြင့်၎င်း၊ အနံအားဖြင့်၎င်း ရှောက်သွားလော့။ သင်အားငါပေးမည်ဟု မိန့်တော်မူ၏။

18. တဖန်အာဗြံသည်တဲကိုပြောင်း၍၊ ဟေဗြုန်မြို့၊ မံရေသပိတ်တောသို့ရောက်မှ နေရာကျ၍ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကိုတည်လေ၏။

ကမ္ဘာ​ဦး 13