1. အာဗြံသမီးမောင်နှံတို့သည်လည်း၊ လောတနှင့်တကွ မိမိတို့၌ ရှိသမျှသော ဥစ္စာကိုယူ၍၊ အဲဂုတ္တုပြည်မှထွက်သွားသဖြင့်၊ ခါနာန်ပြည်တောင်ပိုင်းသို့ ရောက်ကြ၏။
2. ထိုအခါ အာဗြံသည်၊ သိုး၊ နွားစသည်တို့ကို၎င်း၊ ရွှေငွေကို၎င်းအလွန်ရတတ်၏။
3. တဖန်တောင်ပိုင်းမှခရီးသွား၍၊ ဗေသလနယ်အတွင်း၊ ဗေသလမြို့၊ အာဣမြို့စပ်ကြား၌၊ အထက်ကတဲကိုဆောက်၍၊
4. ယဇ်ပလ္လင်ကိုတည်ခဲ့ဘူးသောအရပ်သို့ ရောက်ပြန်လျှင်၊ ထိုအရပ်တွင် ထာဝရဘုရား၏နာမတော်ကို ပဌနာပြု၏။
5. အာဗြံနှင့်အတူလိုက်လာသော လောတသည်လည်း သိုး၊ နွားများနှင့် တဲအများရှိသဖြင့်၊
6. ထိုလူနှစ်ဦးတို့သည် အတူနေခြင်းငှါ ထိုမြေမဆံ့နိုင်။ ဥစ္စာများလွန်း၍၊ သူတို့သည်တရပ်တည်းမနေနိုင်ကြ။
7. အာဗြံ၏ နွား ကျောင်းသား၊ လောတ၏ နွားကျောင်းသားတို့သည်လည်း ခိုက်ရန်ပြုကြ၏။ ထိုအခါ၊ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသားတို့သည် ထိုပြည်၌ နေကြသတည်း။
8. အာဗြံကလည်း၊ ငါတို့သည် ညီအစ်ကိုချင်းဖြစ်လျက်၊ ငါနှင့် သင်၌၎င်း၊ ငါ့နွားကျောင်းသားတို့နှင့်၊ သင့်နွားကျောင်းသားတို့၌၎င်း၊ ခိုက်ရန်မရှိပါစေနှင့်။
9. မြေတပြင်လုံးသည် သင့်ရှေ့မှာရှိသည်မဟုတ်လော့။ ငါနှင့်ခွာ၍နေပါလော့။ သင်သည် လက်ဝဲဘက်သို့သွားလျှင်၊ ငါသည်လက်ျာဘက်သို့သွားမည်။ သင်သည် လက်ျာဘက်သို့သွားလျှင်၊ ငါသည် လက်ဝဲဘက်သို့သွားမည်ဟု ဆို၏။
10. ထိုကာလအခါ၊ သောဒုံမြို့နှင့် ဂေါမောရမြို့ကို ထာဝရဘုရား ဖျက်ဆီးတော်မမူမှီ၊ ဇောရမြို့သို့သွားသောလမ်း၊ ယော်ဒန်မြစ်ပတ်ဝန်းကျင်အရပ်ရပ်၌ ရေများ၍ ထာဝရဘုရား၏ဥယျာဉ်တော်ကဲ့သို့၎င်း အဲဂုတ္တုပြည်ကဲ့သို့၎င်းဖြစ်သည်ကို၊ လောတမြော်ကြည့်၍မြင်လျှင်၊