7. ထာဝရဘုရားသည် အာဗြံအားထင်ရှား၍၊ ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်ဟုမိန့်တော်မူ၏။ ထိုသို့ထင်ရှားတော်မူသောထာဝရဘုရားဘို့၊ ထိုအရပ်၌၊ ယဇ်ပလ္လင်ကိုတည်လေ၏။
8. ထိုအရပ်မှသွားပြန်၍၊ ဗေသလမြို့အရှေ့၌ရှိသောတောင်သို့ ပြောင်းသဖြင့်၊ ဗေသလမြို့အရှေ့၊ အာဣမြို့အနောက်စပ်ကြားမှာ တဲကိုဆောက်၍၊ ထာဝရဘုရားဘို့ ယဇ်ပလ္လင်ကိုတည်ပြီးလျှင်၊ ထာဝရဘုရား၏နာမတော်ကို ပဌနာပြု၏။
9. အာဗြံသည် ခရီးသွားလျက်၊ ပြောင်းလျက်၊ တောင်မျက်နှာသို့ရောက်လေ၏။
10. ထို့နောက်၊ ခါနာန်ပြည်၌ အစားခေါင်းပါးခြင်းဖြစ်၏။ အလွန်အစားခေါင်းပါးသောကြောင့်၊ အာဗြံသည် အဲဂုတ္တုပြည်၌တည်းခိုခြင်းငှါ သွားလေ၏။
11. အဲဂုတ္တုပြည်နှင့်နီးသောအခါ၊ မိမိမယားစာရဲကို၊ သင်သည် အဆင်းလှသောမိန်းမဖြစ်သည်ကိုငါသိ၏။
12. အဲဂုတ္တုလူတို့သည် သင့်ကိုမြင်သောအခါ၊ ဤမိန်းမသည် သူ၏မယားဖြစ်၏ဟုဆိုလျက်၊ ငါ့ကိုသတ်၍ သင့်ကိုအသက်ချမ်းသာပေးလိမ့်မည်။
13. သို့ဖြစ်၍ သင်သည် ငါ့နှမဖြစ်ကြောင်းကိုပြောပါလော့။ သို့ပြောလျှင် သင့်အတွက် ငါကောင်းစားလိမ့်မည်။ သင်၏ကျေးဇူးအားဖြင့် ငါအသက်ချမ်းသာ ရလိမ့်မည်ဟု ဆို၏။
14. အာဗြံသည် အဲဂုတ္တပြည်သို့ရောက်သောအခါ၊ သူ၏မယားသည် အလွန်အဆင်းလှသည်ကို အဲဂုတ္တုလူတို့သည်မြင်ကြ၏။
15. ဖာရောဘုရင်၏မှူးတော်မတ်တို့လည်းမြင်၍၊ ရှေ့တော်၌ချီးမွမ်းပြီးလျှင်၊ နန်းတော်သို့သွင်းရကြ၏။
16. ဖာရောဘုရင်သည် ထိုမိန်းမအတွက် အာဗြံ၌ကျေးဇူးပြုသဖြင့်၊ သူသည် သိုး၊ နွား၊ မြည်းထီး၊ မြည်းမ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုပ်များနှင့်ကြွယ်ဝ၏။
17. ထာဝရဘုရားသည် အာဗြံ၏မယားစာရဲအတွက်ကြောင့်၊ ဖာရောဘုရင်မှစ၍ နန်းတော်သားတို့ကို ကြီးသောဘေးဒဏ်ဖြင့် ဆုံးမတော်မူ၏။
18. ဖာရောဘုရင်သည်လည်းအာဗြံကိုခေါ်၍၊ သင်သည်ငါ၌ပြုသောအမှုကား အဘယ်သို့နည်း။ သူသည်သင်၏မယားဖြစ်ကြောင်းကို၊ ငါအားအဘယ်ကြောင့် မပြောသနည်း။
19. ငါသည် သူ့ကိုသိမ်းပိုက်စေခြင်းငှါ၊ သူသည် ငါ့နှမဖြစ်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ သင်၏မယားကို ယခုယူ၍သွားလော့ဟု အမိန့်ရှိ၏။