ကမ္ဘာ​ဦး 11:1-9 Judson Bible (BJB)

1. မြေကြီးသားအပေါင်းတို့သည် ဘာသာတမျိုးတည်း၊ စကားတမျိုးတည်းရှိကြသည်ဖြစ်၍၊

2. အရှေ့မျက်နှာမှခရီးသွားသဖြင့်၊ ရှိနာပြည်၌ မြေညီရာအရပ်ကိုတွေ့၍ နေရာချကြ၏။

3. သူတို့ကလည်း လာကြ။ အုတ်လုပ်၍ ခိုင်မာစွာဖုတ်ကြကုန်အံ့ဟု၊ တယောက်ကို တယောက်ပြောကြ၏။ ထိုသို့ ကျောက်အရာ၌အုတ်ကို၎င်း၊ သရွတ်အရာ၌ ရေညှိတမျိုးကို၎င်းရပြီးလျှင်၊

4. လာကြ၊ မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကိုစိုးရိမ်၍၊ မြို့ကို၎င်း၊ မိုဃ်းကောင်းကင်သို့မှီရသောရဲတိုက်ကို၎င်း တည်လုပ်သဖြင့်၊ ကျော်စောကိတ္တိရှိစေခြင်းငှါ ပြုကြကုန်အံ့ဟု ပြောဆိုကြ၏။

5. ထိုသို့ လူသားတို့တည်လုပ်သောမြို့နှင့် ရဲတိုက်ကိုကြည့်ရှုခြင်းငှါ၊ ထာဝရဘုရားသည် ဆင်းသက်တော်မူ၏။

6. ထာဝရဘုရားက ကြည့်ရှုလော့။ လူတမျိုးတည်း၊ စကားတမျိုးတည်း ရှိသည်ဖြစ်၍၊ သူတို့သည် ဤအမှုကိုအဦးပြုကြ၏။ ယခုကြံစည်သမျှတို့ကို အဆီးအတားမရှိ၊ သူတို့ပြုကြလိမ့်မည်။

7. လာကြ၊ ဆင်းသက်ကြကုန်အံ့။ သူတို့သည် အချင်းချင်းနားမလည်စေခြင်းငှါ၊ သူတို့စကားကိုရှုတ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏။

8. ထိုသို့ထာဝရဘုရားသည် သူတို့ကို မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသဖြင့်၊ သူတို့သည်မြို့ကိုမတည်ဘဲ နေကြ၏။

9. သို့ဖြစ်၍ ထိုမြို့၌ထာဝရဘုရားသည် မြေကြီးသားအပေါင်းတို့၏ စကားကိုရှုတ်ထွေး၍၊ သူတို့ကို မြေကြီးတပြင်လုံး၌ အရပ်ရပ် ကွဲပြားစေတော်မူသောကြောင့် ထိုမြို့သည် ဗာဗုလုံမြို့ဟူ၍တွင်သတည်း။

ကမ္ဘာ​ဦး 11