ကမ္ဘာ​ဦး 1:7-23 Judson Bible (BJB)

7. မိုဃ်းမျက်နှာကြက်ကို ဘုရားသခင်ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက်အောက်၌ရှိသောရေနှင့်၊ မိုဃ်းမျက်နှာကြက်အပေါ်၌ရှိသောရေကို ပိုင်းခြားတော်မူသည်အတိုင်း ဖြစ်လေ၏။

8. မိုဃ်းမျက်နှာကြက်ကိုလည်း မိုဃ်းကောင်းကင်ဟူသောအမည်ဖြင့် ဘုရားသခင် ခေါ်ဝေါ်သမုတ်တော်မူ၍၊ ညဦးနှင့် နံနက်သည် ဒုတိယနေ့ရက်ဖြစ်လေ၏။

9. တဖန်ဘုရားသခင်က၊ မိုဃ်းကောင်းကင်အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။

10. ကုန်းကိုမြေဟူသော အမည်ဖြင့်၎င်း၊ ရေစုဝေးရာကို ပင်လယ်ဟူသောအမည်ဖြင့်၎င်း၊ ဘုရားသခင်ခေါ်ဝေါ်သမုတ်တော်မူ၍ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။

11. တဖန်ဘုရားသခင်က၊ မြေသည် မြက်ပင်ကို၎င်း၊ စပါးသီးကို ဖြစ်စေသော စပါးပင်ကို၎င်း၊ မြေပေါ်မှာ မျိုးစေ့ပါလျက် သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်ကို၎င်း၊ ပေါက်စေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။

12. မြေသည်မြက်ပင်ကို၎င်း၊ စပါးသီးမျိုးကို ဖြစ်စေသော စပါးပင်ကို၎င်း၊ မိမိ၌ မျိုးစေ့ပါလျက် သစ်သီးမျိုးကိုဖြစ်စေသော သစ်ပင်ကို၎င်း ပေါက်စေ၏။

13. ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၍၊ ညဦးနှင့် နံနက်သည် တတိယနေ့ရက် ဖြစ်လေ၏။

14. တဖန်ဘုရားသခင်က၊ နေ့နှင့် ညဉ့်ကို ပိုင်းခြားစေခြင်းငှါ မိုဃ်းကောင်းကင်မျက်နှာကြက်၌ အလင်းအိမ်တည်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက်အပိုင်းအခြား၊ နှစ်အပိုင်းအခြားဘို့ဖြစ်စေ။

15. မိုဃ်းကောင်းကင် မျက်နှာကြက်၌တည်၍ မြေကြီးလင်းစရာ အလင်းအိမ်ဖြစ်စေဟု အမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏။

16. ထိုသို့ ဘုရားသခင်သည် အလင်းအိမ်ကြီး နှစ်လုံးတည်းဟူသော နေ့ကိုအုပ်စိုးရသောအကြီးတလုံး၊ ညဉ့်ကိုအုပ်စိုးရသော အငယ်တလုံးနှင့်တကွ ကြယ်များတို့ကို ဖန်ဆင်းတော်မူပြီးလျှင်၊

17. မြေကြီး၌ လင်းစေခြင်းငှာ၎င်း၊ နေ့နှင်ညဉ့်ကို အုပ်စိုး၍ အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြားစေခြင်းငှာ၎င်း၊ မိုဃ်းကောင်းကင်မျက်နှာကြက်၌ ဘုရားသခင် ထားတော်မူ၏။

18. ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၍၊

19. ညဦးနှင့် နံနက်သည် စတုတ္ထနေ့ရက် ဖြစ်လေ၏။

20. တဖန်ဘုရားသခင်က အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များပြားစွာ မွေးဘွားစေ။ ငှက်တို့လည်း မြေပေါ် မိုဃ်းကောင်းကင်မျက်နှာကြက်ပြင်ဝယ်ပျံစေဟု အမိန့်တော်ရှိ၏။

21. ထိုသို့လျှင်ရေသည် တိရစ္ဆာန်အမျိုးအလိုက်များပြားစွာ မွေးဘွား၍၊ ငါးကြီးအစရှိသော အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ ပျံတတ်သောငှက်မျိုးအပေါင်းတို့ကို၎င်း ဘုရားသခင်ဖန်ဆင်း၍၊ ထိုအမူအရာကောင်းသည်ကို မြင်တော်မူ၏။

22. ဘုရားသခင်ကလည်း များပြားစွာ မွေးဘွားကြလော့။ ပင်လယ်ရေများကို ပြည့်စေကြလော့။ ငှက်တို့လည်း မြေပေါ်၌ များပြားစေသတည်းဟု ထိုတိရစ္ဆာန်တို့ကို ကောင်းကြီးပေးတော်မူ၍၊

23. ညဦးနှင့်နံနက်သည် ပဥ္စမနေ့ရက်ဖြစ်လေ၏။

ကမ္ဘာ​ဦး 1