ကမ္ဘာ​ဦး 1:5-19 Judson Bible (BJB)

5. အလင်းကို နေ့ဟူသောအမည်ဖြင့်၎င်း၊ မှောင်မိုက်ကို ညဉ့်ဟူသောအမည်ဖြင့်၎င်း၊ ခေါ်ဝေါ်သမုတ်တော်မူ၍ ညဦးနှင့် နံနက်သည် ပဌမနေ့ရက်ဖြစ်လေ၏။

6. တဖန်ဘုရားသခင်က ရေအလယ်၌ မိုဃ်းမျက်နှာကြက်ဖြစ်စေ၊ ရေနှင့် ရေချင်းခြားနားစေဟု အမိန့်တော်ရှိသဖြင့်၊

7. မိုဃ်းမျက်နှာကြက်ကို ဘုရားသခင်ဖန်ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက်အောက်၌ရှိသောရေနှင့်၊ မိုဃ်းမျက်နှာကြက်အပေါ်၌ရှိသောရေကို ပိုင်းခြားတော်မူသည်အတိုင်း ဖြစ်လေ၏။

8. မိုဃ်းမျက်နှာကြက်ကိုလည်း မိုဃ်းကောင်းကင်ဟူသောအမည်ဖြင့် ဘုရားသခင် ခေါ်ဝေါ်သမုတ်တော်မူ၍၊ ညဦးနှင့် နံနက်သည် ဒုတိယနေ့ရက်ဖြစ်လေ၏။

9. တဖန်ဘုရားသခင်က၊ မိုဃ်းကောင်းကင်အောက်၌ရှိသော ရေစုဝေးစေ၊ ကုန်းပေါ်စေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။

10. ကုန်းကိုမြေဟူသော အမည်ဖြင့်၎င်း၊ ရေစုဝေးရာကို ပင်လယ်ဟူသောအမည်ဖြင့်၎င်း၊ ဘုရားသခင်ခေါ်ဝေါ်သမုတ်တော်မူ၍ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၏။

11. တဖန်ဘုရားသခင်က၊ မြေသည် မြက်ပင်ကို၎င်း၊ စပါးသီးကို ဖြစ်စေသော စပါးပင်ကို၎င်း၊ မြေပေါ်မှာ မျိုးစေ့ပါလျက် သစ်သီးမျိုးကို ဖြစ်စေသော သစ်ပင်ကို၎င်း၊ ပေါက်စေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။

12. မြေသည်မြက်ပင်ကို၎င်း၊ စပါးသီးမျိုးကို ဖြစ်စေသော စပါးပင်ကို၎င်း၊ မိမိ၌ မျိုးစေ့ပါလျက် သစ်သီးမျိုးကိုဖြစ်စေသော သစ်ပင်ကို၎င်း ပေါက်စေ၏။

13. ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၍၊ ညဦးနှင့် နံနက်သည် တတိယနေ့ရက် ဖြစ်လေ၏။

14. တဖန်ဘုရားသခင်က၊ နေ့နှင့် ညဉ့်ကို ပိုင်းခြားစေခြင်းငှါ မိုဃ်းကောင်းကင်မျက်နှာကြက်၌ အလင်းအိမ်တည်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက်အပိုင်းအခြား၊ နှစ်အပိုင်းအခြားဘို့ဖြစ်စေ။

15. မိုဃ်းကောင်းကင် မျက်နှာကြက်၌တည်၍ မြေကြီးလင်းစရာ အလင်းအိမ်ဖြစ်စေဟု အမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏။

16. ထိုသို့ ဘုရားသခင်သည် အလင်းအိမ်ကြီး နှစ်လုံးတည်းဟူသော နေ့ကိုအုပ်စိုးရသောအကြီးတလုံး၊ ညဉ့်ကိုအုပ်စိုးရသော အငယ်တလုံးနှင့်တကွ ကြယ်များတို့ကို ဖန်ဆင်းတော်မူပြီးလျှင်၊

17. မြေကြီး၌ လင်းစေခြင်းငှာ၎င်း၊ နေ့နှင်ညဉ့်ကို အုပ်စိုး၍ အလင်းနှင့် မှောင်မိုက်ကို ပိုင်းခြားစေခြင်းငှာ၎င်း၊ မိုဃ်းကောင်းကင်မျက်နှာကြက်၌ ဘုရားသခင် ထားတော်မူ၏။

18. ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော်မူ၍၊

19. ညဦးနှင့် နံနက်သည် စတုတ္ထနေ့ရက် ဖြစ်လေ၏။

ကမ္ဘာ​ဦး 1