1-2. ဣသရေလဘုရင်ဒုတိယမြောက်ယေရောဗောင် မင်း၏ နန်းစံနှစ်ဆယ့်ခုနစ်နှစ်မြောက်၌အာမဇိ ၏သားသည်၊ အသက်တစ်ဆယ့်ခြောက်နှစ်ရှိသော အခါယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့တွင်ငါးဆယ့်နှစ်နှစ်နန်းစံရ၏။ သူ ၏မယ်တော်မှာယေရုရှလင်မြို့သူယေခေါလိ ဖြစ်၏။-
3. သြဇိသည်မိမိခမည်းတော်၏လမ်းစဉ်ကို လိုက်၍ ထာဝရဘုရားနှစ်သက်တော်မူသော အမှုတို့ကိုပြု၏။-
4. သို့ရာတွင်ရုပ်တုကိုးကွယ်ရာဌာနများကို ဖျက်ဆီးခြင်းမပြုသဖြင့် လူတို့သည်ထို ဌာနများတွင် ဆက်လက်၍ယဇ်များကို ပူဇော်၍နံ့သာပေါင်းကိုမီးရှို့ကြ၏။-
5. ထာဝရဘုရားသည်သြဇိအားအရေပြား ရောဂါစွဲကပ်စေတော်မူသဖြင့် သူသည်သေ သည့်တိုင်အောင်ထိုရောဂါကိုခံစားရ၏။ သို့ ဖြစ်၍သားတော်ယောသံအား တိုင်းပြည်အုပ် ချုပ်မှုတာဝန်ကိုလွှဲအပ်ပြီးလျှင် သီးခြား အိမ်တော်တွင်စံတော်မူရလေသည်။-
6. သြဇိမင်းလုပ်ဆောင်ခဲ့သည့်အခြားအမှု အရာအလုံးစုံကို ယုဒရာဇဝင်တွင် ရေးထားသတည်း။-
7. သြဇိကွယ်လွန်သောအခါ သူ့ကိုဒါဝိဒ်မြို့ ရှိဘုရင်များ၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်ယောသံသည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်း တက်လေသည်။
8. ယုဒဘုရင်သြဇိ၏နန်းစံသုံးဆယ့်ရှစ်နှစ် မြောက်၌ ဒုတိယမြောက်ယေရောဗောင်မင်း၏ သားဇာခရိသည် ဣသရေလပြည်ဘုရင် အဖြစ်နန်းတက်၍ရှမာရိမြို့၌ခြောက် နှစ်နန်းစံရ၏။-
9. သူသည်မိမိ၏နောင်တော်ဘုရင်များနည်းတူ ထာဝရဘုရားအားပြစ်မှား၏။ ဣသရေလ အမျိုးသားတို့အားအပြစ်ကူးလွန်ရန်ရှေ့ ဆောင်လမ်းပြခဲ့သူ နေဗတ်၏သားယေရော ဗောင်၏ဆိုးညစ်သောလမ်းစဉ်ကိုလိုက်၏။-
10. ယာဖက်၏သားရှလ္လုံသည်လျှို့ဝှက်ကြံစည် ကာ ဇာခရိမင်းအားဣဗိလံမြို့တွင်လုပ်ကြံ ပြီးနောက် သူ၏အရိုက်အရာကိုဆက်ခံ၍ နန်းတက်လေသည်။
11. ဇာခရိမင်းလုပ်ဆောင်ခဲ့သည့်အခြားအမှု အရာအလုံးစုံကို ဣသရေလရာဇဝင်တွင်ရေး ထားသတည်း။
12. သို့ဖြစ်၍``ငါသည်သင်၏သားမြေးတို့အား စတုတ္ထအဆက်တိုင်အောင် ဣသရေလပြည်ကိုအုပ်စိုးစေမည်'' ဟုယေဟု အား ထာဝရဘုရားမိန့်တော်မူခဲ့သောစကား တော်အတိုင်းဖြစ်သတည်း။