9. သူသည်ထိုတောင်သို့ရောက်သောအခါဂူထဲ သို့ဝင်၍အိပ်၏။ထိုအခါထာဝရဘုရားကသူ့အား``ဧလိယ၊ သင်သည်ဤအရပ်သို့အဘယ်ကြောင့်ရောက်လာ သနည်း'' ဟုမေးတော်မူ၏။
10. ဧလိယက``အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ အကျွန်ုပ်သည်ကိုယ်တော်တစ်ပါးတည်း ကိုသာလျှင် အစဉ်ဝတ်ပြုကိုးကွယ်ပါ၏။ ဣသ ရေလပြည်သူတို့မူကားကိုယ်တော်နှင့်ပြုထား သည့်ပဋိညာဉ်ကိုချိုးဖောက်လျက် ကိုယ်တော် ၏ယဇ်ပလ္လင်များကိုဖြိုဖျက်ကာကိုယ်တော်၏ ပရောဖက်တို့ကိုသတ်ကြပါ၏။ တစ်ဦးတည်း သာမသေဘဲကျန်ရှိသောအကျွန်ုပ်၏အသက် အန္တရာယ်ကိုပင်ရှာကြံလျက်နေကြပါ၏'' ဟု လျှောက်၏။
11. ထိုအခါထာဝရဘုရားကသူ့အား``ဂူပြင် သို့ထွက်၍တောင်ထိပ်ပေါ်၌ငါ၏အရှေ့မျက် မှောက်တွင်ရပ်နေလော့'' ဟုမိန့်တော်မူ၏။ ထို့ နောက်ထာဝရဘုရားသည်သူ၏အနီးမှ ဖြတ်ကြွတော်မူ၍ လေပြင်းမုန်တိုင်းကိုတိုက် ခတ်စေတော်မူ၏။ သို့ဖြစ်၍တောင်များသည် ပြိုကွဲကြလျက်ကျောက်တို့သည်လည်းကြေ မွသွားလေသည်။ သို့ရာတွင်ထာဝရဘုရား သည်ထိုလေမုန်တိုင်းထဲ၌ရှိတော်မမူ။ လေ အတိုက်ရပ်သောအခါမြေငလျင်လှုပ်လေ ၏။ သို့ရာတွင်ထိုမြေငလျင်ထဲ၌လည်း ထာဝရဘုရားရှိတော်မမူ။-
12. မြေငလျင်လှုပ်ပြီးနောက်မီးလျှံတောက် လောင်လေသည်။ သို့ရာတွင်ထိုမီးလျှံထဲ၌ လည်းထာဝရဘုရားရှိတော်မမူ။ မီးလျှံ တောက်လောင်ပြီးနောက်ဖြည်းညှင်းသောအသံ ပေါ်ထွက်လာ၏။
13. ထိုအသံကိုကြားသောအခါ ဧလိယသည် မိမိ၏မျက်နှာကိုဝတ်လုံဖြင့်အုပ်၍ထွက်သွား ပြီးလျှင်ဂူဝတွင်ရပ်နေ၏။ ထိုအခါ``ဧလိယ၊ သင်သည်အဘယ်ကြောင့်ဤအရပ်သို့ရောက်ရှိ လာသနည်း'' ဟုမေးသံကိုကြားရ၏။
14. ဧလိယက``အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ အကျွန်ုပ်သည်ကိုယ်တော်တစ်ပါးတည်း ကိုသာလျှင် အစဉ်ဝတ်ပြုကိုးကွယ်ပါ၏။ ဣသရေလပြည်သူတို့မူကားကိုယ်တော်နှင့် ပြုထားသည့်ပဋိညာဉ်ကိုချိုးဖောက်လျက် ကိုယ်တော်၏ယဇ်ပလ္လင်များကိုဖြိုဖျက်ကာ ကိုယ်တော်၏ပရောဖက်တို့ကိုသတ်ကြပါ၏။ တစ်ဦးတည်းသာလျှင်မသေဘဲ ကျန်ရှိသော အကျွန်ုပ်၏အသက်အန္တရာယ်ကိုရှာကြံနေ ကြပါ၏'' ဟုလျှောက်၏။
15. ထာဝရဘုရားက``သင်သည်ဒမာသက်မြို့အနီး တောကန္တာရသို့ပြန်သွားပြီးနောက် ထိုမြို့သို့ဝင် ၍ဟာဇေလအားရှုရိဘုရင်အဖြစ်ဘိသိက် ပေးလော့။-
16. နိမ်ရှိ၏သားယေဟုကိုဣသရေလဘုရင် အဖြစ်ဘိသိက်ပေးလော့။ အာဗေလမဟောလ မြို့သားရှာဖတ်၏သားဧလိရှဲကိုသင်၏ အရိုက်အရာဆက်ခံရန်ပရောဖက်အဖြစ် ဘိသိက်ပေးလော့။-
17. ဟာဇေလ၏ဋ္ဌားဘေးမှလွတ်မြောက်သူကို ယေဟုသတ်လိမ့်မည်။ ယေဟုလက်မှလွတ် မြောက်သူကိုဧလိရှဲသတ်လိမ့်မည်။-
18. သို့ရာတွင်ငါ့အားသစ္စာစောင့်၍ဗာလအားဦး မညွှတ်သူ၊ သူ၏ရုပ်တုကိုမနမ်းရှုပ်သူလူ ပေါင်းခုနစ်ထောင်တို့ကို ဣသရေလပြည်တွင် ကျန်ကြွင်းစေမည်'' ဟုမိန့်တော်မူ၏။
19. ဧလိယသည်ထိုအရပ်မှထွက်ခွာသွားသော အခါ နွားတစ်ရှဉ်းနှင့်လယ်ထွန်နေသော ဧလိရှဲ ကိုတွေ့လေသည်။ သူ၏ရှေ့တွင်နွားတစ်ဆယ့် တစ်ရှဉ်းရှိ၍သူသည်နောက်ဆုံးနွားတစ်ရှဉ်း ဖြင့်လယ်ထွန်၍နေသတည်း။ ဧလိယသည် မိမိ၏ဝတ်လုံကိုချွတ်၍ဧလိရှဲ၏အပေါ် တွင်တင်လေသည်။-
20. ထိုအခါဧလိရှဲသည်မိမိ၏နွားများကို ထားခဲ့၍ ဧလိယ၏နောက်သို့လိုက်ပြီး လျှင်``အကျွန်ုပ်၏မိဘထံသို့သွား၍နှုတ် ဆက်ခွင့်ပြုပါ။ ထို့နောက်အရှင်နှင့်အတူ လိုက်ပါမည်'' ဟုပြော၏။ဧလိယက``ကောင်းပြီ၊ သွားလော့။ သင့်အား ငါမဆီးတားပါ'' ဟုဆို၏။
21. ထိုအခါဧလိရှဲသည် မိမိ၏နွားနှစ်ကောင်ကို သတ်ပြီးလျှင် နွားထမ်းပိုးကိုထင်းလုပ်၍ချက်၏။ ထိုနောက်အမဲသားဟင်းကိုလူတို့အားကျွေး မွေးပြီးလျှင် ဧလိယ၏နောက်သို့တပည့် အဖြစ်လိုက်သွားလေသည်။