1. ကာလအနည်းငယ်ကြာသောအခါမောဘ ပြည်နှင့်အမ္မုန်ပြည်မှစစ်တပ်များသည် မိမိ တို့၏မဟာမိတ်မဟုနိမ် နှင့်အတူယုဒပြည်သို့ချင်းနင်းဝင်ရောက်လာ ကြ၏။-
2. သတင်းပို့သူတို့သည်ယောရှဖတ်မင်းထံလာ ရောက်၍``အင်အားကြီးမားသည့်တပ်ကြီးတစ် တပ်သည်အရှင့်အား တိုက်ခိုက်ရန်ပင်လယ်သေ တစ်ဖက်ကမ်းဧဒုံပြည်မှချီတက်လာပါပြီ။ သူတို့သည်အင်္ဂေဒိခေါ်ဟာဇဇုန္တာမာမြို့ကို သိမ်းယူလိုက်ကြပါပြီ'' ဟုလျှောက်ထား ကြ၏။-
3. ယောရှဖတ်သည်ကြောက်လန့်သဖြင့်လမ်း ပြတော်မူရန် ထာဝရဘုရားထံပတ္ထနာပြု တော်မူ၏။ ယုဒပြည်တစ်လျှောက်လုံး၌ အစာရှောင်ရန်နေ့ကိုသတ်မှတ်တော်မူ၏။-
4. ယုဒပြည်အမြို့မြို့မှလူတို့သည်ထာဝရ ဘုရားလမ်းပြပို့ဆောင်မှုကိုတောင်းခံရန် ယေရုရှလင်မြို့သို့လာရောက်ကြလေသည်။-
5. ထိုနောက်သူတို့သည်ယေရုရှလင်မြို့သူမြို့ သားများနှင့်အတူ ဗိမာန်တော်တံတိုင်းသစ် တွင်စုဝေးကြ၏။ ယောရှဖတ်မင်းသည်သူ တို့၏ရှေ့သို့လာ၍ရပ်ပြီးလျှင်၊-
6. ``အို အကျွန်ုပ်တို့ဘိုးဘေးများ၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်ကောင်းကင်ဘုံ တွင်စံတော်မူ၍ ကမ္ဘာပေါ်ရှိလူမျိုးတကာတို့ ကိုအုပ်စိုးတော်မူပါ၏။ ကိုယ်တော်သည်တန်ခိုး အာနုဘော်ပြည့်စုံတော်မူသဖြင့်အဘယ် သူမျှကိုယ်တော်အားအတိုက်အခံမပြု နိုင်ပါ။-
7. ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားဖြစ် တော်မူပါ၏။ ကိုယ်တော်၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့သည် ဤပြည်တော်သို့ ဝင်ရောက်လာချိန်၌ကိုယ်တော်သည်မူလနေ ထိုင်သောပြည်သားတို့ကိုနှင်ထုတ်၍ ပြည် တော်ကိုကိုယ်တော်၏အဆွေတော်အာဗြဟံ ၏သားမြေးတို့အားထာဝစဉ်အပိုင်ပေး သနားတော်မူပါ၏။-
8. သူတို့သည်ဤပြည်တွင်နေထိုင်လျက်ကိုယ်တော် ၏ဂုဏ်တော်ကိုချီးမွမ်းရန်ဗိမာန်တော်ကိုတည် ဆောက်ကြပါ၏။-
9. စစ်မက်ဘေး၊ ကူးစက်တတ်သောရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးအစရှိသော ကြီးမားသည့် အဘယ်ဘေးအန္တရာယ်မဆို ကျရောက်လာချိန်၌ သူတို့သည်ကိုယ်တော်အား ကိုးကွယ်ဝတ်ပြုရာ ဤဗိမာန်တော်ရှေ့သို့လာ ၍ရပ်လျက်ပတ္ထနာပြုသောအခါ ကိုယ်တော် သည်နားညောင်း၍သူတို့အားကယ်ဆယ် တော်မူမည်ဟုယုံကြည်ကြပါ၏။''
10. ``ယခုအခါအမ္မုန်ပြည်သား၊ မောဘပြည်သား နှင့်ဧဒုံပြည်သားတို့သည်အကျွန်ုပ်အားတိုက် ခိုက်ကြပါပြီ။ အကျွန်ုပ်တို့ဘိုးဘေးများ အီဂျစ်ပြည်မှထွက်ခွာလာစဉ်အခါက ဘိုးဘေးတို့သည်ထိုပြည်များသို့ဝင်ရောက် ခွင့်ကိုကိုယ်တော်ပေးတော်မမူပါ။ သို့ဖြစ် ၍သူတို့သည်ထိုပြည်များကိုရှောင်ကွင်း ပြီးလျှင်မဖျက်မဆီးဘဲထားခဲ့ကြ ပါ၏။-
11. ဤသို့ပြုသည့်အတွက်ကျေးဇူးဆပ်သည့် အနေဖြင့်သူတို့သည် အကျွန်ုပ်တို့အား ကိုယ်တော်ပေးသနားတော်မူသည့်ပြည်တော် မှနှင်ထုတ်ရန်ရောက်ရှိလာကြပါ၏။-
12. ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားဖြစ်တော်မူ ပါ၏။ အကျွန်ုပ်တို့သည်ယခုတိုက်ခိုက်ရန်ရောက် ရှိလာသောတပ်မတော်ကြီး၏ရှေ့တွင်ခိုကိုးရာ မဲ့ဖြစ်လျက်နေကြပါ၏။ အဘယ်သို့ပြုရမည် ကိုအကျွန်ုပ်တို့မသိကြပါ။ သို့ရာတွင်ကူမ တော်မူရန်အထံတော်သို့မျှော်ကြည့်ကြပါ၏'' ဟုအသံကျယ်စွာဆုတောင်းပတ္ထနာပြုတော် မူ၏။
13. ယုဒပြည်သူအပေါင်းတို့သည် မိမိတို့သား မယားများနှင့်အတူဗိမာန်တော်ရှေ့တွင် ရပ်လျက်နေကြ၏။-