3. သူက``အဆွေတော်သည်ရာမုတ်မြို့ကိုတိုက် ခိုက်ရန်ကျွန်ုပ်နှင့်အတူလိုက်မည်လော'' ဟု မေး၏။ယောရှဖတ်က``အဆွေတော်အဆင်သင့်ရှိ ချိန်၌ကျွန်ုပ်လည်းအဆင်သင့်ရှိပါ၏။ ကျွန်ုပ်၏တပ်မတော်သည်လည်းထိုနည်းတူ ပင်ဖြစ်ပါ၏။ ကျွန်ုပ်တို့သည်သင်နှင့်အတူ လိုက်ပါမည်'' ဟုပြန်ပြောတော်မူ၏။-
4. ထိုနောက်သူသည်ဆက်၍``သို့ရာတွင်ဤ ကိစ္စကိုထာဝရဘုရားအားဦးစွာမေး မြန်းလျှောက်ထားပါလော့'' ဟုဆို၏။
5. သို့ဖြစ်၍အာဟပ်သည်လေးရာခန့်ရှိသော ပရောဖက်တို့ကိုခေါ်တော်မူ၍``ငါသည် ရာမုတ်မြို့ကိုသွားရောက်တိုက်ခိုက်ရန်သင့် မသင့်ပြောကြားကြလော့'' ဟုမိန့်တော်မူ၏။ပရောဖက်တို့က``တိုက်ခိုက်တော်မူပါ။ ဘုရားသခင်သည်အရှင့်အားအောင်ပွဲခံစေတော် မူပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။
6. သို့ရာတွင် ယောရှဖတ်က``ကျွန်ုပ်တို့အတွက် ထာဝရဘုရားအားလျှောက်ထားမေးမြန်း ပေးမည့်အခြားပရောဖတ်တစ်ပါးရှိ ပါသေးသလော'' ဟုမေး၏။
7. အာဟပ်က``အခြားပရောဖတ်တစ်ပါးရှိပါ သေးသည်။ ထိုသူသည်ဣမလ၏သားမိက္ခာ ဖြစ်ပါ၏။ သို့ရာတွင်သူသည်ကျွန်ုပ်အတွက် အဘယ်အခါမျှအကောင်းကိုမဟော။ အဆိုး ကိုသာလျှင်အစဉ်ဟောတတ်သဖြင့်သူ့ ကိုကျွန်ုပ်မုန်းပါ၏'' ဟုပြန်ပြောလေသည်။ထိုအခါယောရှဖတ်က``အဆွေတော်ဤသို့ မပြောသင့်ပါ'' ဟုဆို၏။
8. သို့ဖြစ်၍အာဟပ်မင်းသည်နန်းတွင်းအရာရှိ တစ်ဦးကိုခေါ်ပြီးလျှင် မိက္ခာအားချက်ချင်း ခေါ်ဆောင်ခဲ့ရန်အမိန့်ပေးတော်မူ၏။
9. ဘုရင်နှစ်ပါးတို့သည်မင်းမြောက်တန်ဆာများ ကိုဝတ်ဆင်ကာရှမာရိမြို့၊ မြို့တံခါးပြင် ကောက်နယ်တလင်း၌ရာဇပလ္လင်များပေါ် တွင်ထိုင်လျက်နေကြ၏။ သူတို့၏ရှေ့၌ ပရောဖက်အပေါင်းသည်ဟောလျက်နေ ကြ၏။-
10. ပရောဖက်တစ်ပါးဖြစ်သူ၊ ခေနာနာ၏သား ဇေဒကိသည်သံဦးချိုများကိုပြုလုပ်ပြီး လျှင်အာဟပ်အား``ထာဝရဘုရားက`သင်သည် ဤဦးချိုများဖြင့်ရှုရိတပ်အားချေမှုန်း လိမ့်မည်' ဟုမိန့်တော်မူပါသည်'' ဟုလျှောက်၏။-
11. အခြားပရောဖက်အပေါင်းတို့သည်လည်း ဤအတိုင်းပင်မင်းကြီးအားလျှောက်ထား ကြ၏။ သူတို့က``ရာမုတ်မြို့ကိုချီတက် တော်မူပါ။ ထာဝရဘုရားသည်အရှင့်အား အောင်ပွဲခံစေတော်မူပါလိမ့်မည်'' ဟု ဟောကြ၏။
12. ဤအတောအတွင်း၌မိက္ခာထံသို့သွားသော နန်းတွင်းအရာရှိကမိက္ခာအား``ပရောဖက်အား လုံးကပင်မင်းကြီးသည်အောင်မြင်လိမ့်မည် ဖြစ်ကြောင်းဟောကြပါပြီ။ ကိုယ်တော်သည် လည်းဤအတိုင်းဟောသင့်ပါသည်'' ဟုဆို၏။
13. သို့ရာတွင်မိက္ခာက``ငါသည်ထာဝရဘုရားမိန့် တော်မူသည့်အတိုင်းဖော်ပြရလိမ့်မည်ဖြစ် ကြောင်း အသက်ရှင်တော်မူသောထာဝရဘုရား ကိုတိုင်တည်၍ငါဆို၏'' ဟုပြော၏။
14. သူသည်မင်းကြီး၏ရှေ့တော်သို့ရောက်သော အခါမင်းကြီးက``အချင်းမိက္ခာ၊ ယောရှဖတ် မင်းနှင့်ငါသည်ရာမုတ်မြို့သို့ချီတက်တိုက် ခိုက်သင့်သလော၊ မသင့်သလော'' ဟုမေး တော်မူ၏။မိက္ခာကလည်း``တိုက်ခိုက်တော်မူပါ၊ အောင်မြင် တော်မူပါလိမ့်မည်။ ထာဝရဘုရားသည် အရှင့်အားအောင်ပွဲခံစေတော်မူပါလိမ့် မည်'' ဟု ပြန်လည်လျှောက်ထား၏။
15. သို့ရာတွင်အာဟပ်က``ထာဝရဘုရား၏နာမ တော်ကိုအမှီပြု၍ဟောရာတွင်ဟုတ်မှန်သည် ကိုသာဟောရန်သင့်အားငါဘယ်နှစ်ကြိမ် သတိပေးရပါမည်နည်း'' ဟုဆို၏။
16. ထိုအခါမိက္ခာက``ဣသရေလပြည်သူတို့သည် သိုးထိန်းမဲ့သည့်သိုးများကဲ့သို့တောင်ကုန်း များပေါ်တွင်ကွဲလွင့်လျက်နေသည်ကိုငါ မြင်၏။ ထာဝရဘုရားကလည်း`ဤသူတို့မှာ ခေါင်းဆောင်မရှိ။ သူတို့အားမိမိတို့ရပ်ရွာ သို့အေးချမ်းစွာပြန်ခွင့်ပြုလော့' ဟုမိန့် တော်မူပါသည်''ဟုဆို၏။
17. အာဟပ်သည်ယောရှဖတ်အား``ဤသူသည် အဘယ်အခါ၌မျှကျွန်ုပ်အတွက်အကောင်း ကိုမဟော။ အဆိုးကိုသာအစဉ်ဟောတတ် ကြောင်းအဆွေတော်အားကျွန်ုပ်ဖော်ပြပြီး လေပြီ'' ဟုဆို၏။
18. မိက္ခာကဆက်လက်၍အာဟပ်အား``ထာဝရ ဘုရားမိန့်တော်မူသောစကားကို ယခုနား ထောင်ပါလော့။ ထာဝရဘုရားသည်ကောင်းကင် ဘုံရှိပလ္လင်တော်ပေါ်တွင်ထိုင်လျက်နေတော် မူသည်ကိုလည်းကောင်း၊ ကိုယ်တော်၏အပါး တော်တွင် ကောင်းကင်တမန်များရပ်လျက်နေ ကြသည်ကိုလည်းကောင်းငါမြင်၏။-
19. ထာဝရဘုရားက`အာဟပ်သည်ရာမုတ်မြို့ကို သွား၍အသတ်ခံရစေရန်သူ့အားအဘယ်သူ လိမ်လည်လှည့်စားပါမည်နည်း' ဟုမေးတော်မူ လျှင်ကောင်းကင်တမန်တို့သည်အမျိုးမျိုး အဖုံဖုံလျှောက်ထားကြ၏။-
20. နောက်ဆုံး၌ဝိညာဉ်တစ်ပါးသည်ထာဝရဘုရား ၏ရှေ့တော်သို့လာ၍`ဤသူအားအကျွန်ုပ်လိမ် လည်လှည့်စားပါမည်' ဟုလျှောက်၏။ ထာဝရ ဘုရားက`အဘယ်သို့နည်း' ဟုမေးတော်မူသော်၊-