1. ဣသရေလဘုရင်ယေရောဗောင်နန်းစံတစ် ဆယ့်ရှစ်နှစ်မြောက်၌ အဘိယသည်ယုဒ ပြည်ဘုရင်အဖြစ်နန်းတက်၍၊-
2. ယေရုရှလင်မြို့တွင်သုံးနှစ်နန်းစံတော်မူ၏။ သူ၏မယ်တော်မှာဂိဗာမြို့သားဥရိယ၏ သမီးမာခါဖြစ်၏။
3. အဘိယနှင့်ယေရောဗောင်တို့သည်စစ်ဖြစ်ကြ သဖြင့် အဘိယသည်စစ်သည်လေးသိန်းရှိသော တပ်မတော်ဖြင့်တိုက်ခိုက်ရာ ယေရောဗောင်က စစ်သည်ရှစ်သိန်းရှိသောတပ်မတော်ဖြင့်ပြန် လည်ခုခံလေသည်။
4. တပ်မတော်နှစ်စုသည်တောင်ပေါများသောဧဖရိမ် ပြည်တွင်တွေ့ဆုံမိကြ၏။ အဘိယမင်းသည်ဇေ မရိမ်တောင်ပေါ်သို့တက်ပြီးလျှင် ယေရောဗောင်နှင့် ဣသရေလအမျိုးသားတို့အား``နားထောင်ကြ လော့။-
5. ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားသည်မဖျက်မချေနိုင်သော ပဋိညာဉ်တော်ကိုပြုတော်မူ၍ ဒါဝိဒ်နှင့်သား မြေးတို့အားဣသရေလနိုင်ငံတော်ကိုကာလ အစဉ်အဆက်အုပ်စိုးပိုင်ခွင့်ပေးတော်မူ ကြောင်းသင်တို့မသိကြသလော။-
6. နေဗတ်သားယေရောဗောင်သည်မိမိ၏ဘုရင် ရှောလမုန်အားပုန်ကန်ပြီးလျှင်၊-
7. ယုတ်မာသူလူတစ်စုကိုစုရုံးလေသည်။ သူတို့ သည်ရှောလမုန်၏သားတော်ရောဗောင်အား မိမိ တို့ဆန္ဒရှိသည်အတိုင်းပြုလုပ်စေကြ၏။ ရော ဗောင်သည်နုနယ်၍အတွေ့အကြုံမရှိသူဖြစ် သဖြင့်သူတို့အားခုခံနိုင်စွမ်းမရှိပေ။-
8. ယခုသင်တို့သည်ဒါဝိဒ်၏သားမြေးတို့အား ထာဝရဘုရားပေးအပ်ထားတော်မူသောရာဇ အာဏာကိုဆိုင်ပြိုင်ရန်ကြံစည်ကြသည်။ သင်တို့ တွင်အင်အားကြီးမားသောတပ်မတော်နှင့်သင် တို့ကိုးကွယ်ရန်အတွက် ယေရောဗောင်သွန်းလုပ် ထားသောနွားသငယ်ရုပ်များရှိ၏။-
9. သင်တို့သည်အာရုန်၏အဆက်အနွယ်ယဇ် ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များကို နှင်ထုတ်ကာ သူတို့၏နေရာတွင်လူမျိုးခြား တို့၏ဋ္ဌလေ့ကိုလိုက်၍အခြားသူတို့အား ယဇ်ပုရောဟိတ်ခန့်ထားကြ၏။ မည်သူမဆို နွားတစ်ကောင်သို့မဟုတ်သိုးခုနစ်ကောင်ကို ယူဆောင်လာလျှင်သင်တို့ကိုးကွယ်သော နာမည်ခံဘုရားများ၏ယဇ်ပုရောဟိတ် အရာကိုရရှိနိုင်ပါသည်တကား။