9. သူတို့အားမင်းကြီးက``သင်တို့သည်ငါ့အား အဘယ်သို့အကြံပေးကြပါမည်နည်း။ ဖိနှိပ် ချုပ်ချယ်မှုကိုလျော့ပါးအောင်ပြုလုပ်ပေး ရန်ငါ့ထံပန်ကြားလျှောက်ထားသူတို့အား အဘယ်သို့ဖြေကြားရပါမည်နည်း'' ဟု မေးတော်မူ၏။
10. ထိုသူငယ်တို့က``အရှင်သည်သူတို့အား`ငါ ၏လက်သန်းသည်ခမည်းတော်၏ခါးပိုင်း ထက်ပို၍တုပ်၏။-
11. ငါ့ခမည်းတော်သည်သင်တို့အပေါ်လေးလံ သောထမ်းပိုးကိုတင်၏။ ငါမူကားထိုထက်ပင် ပို၍လေးလံသောထမ်းပိုးကိုတင်အံ့။ သူသည် သင်တို့အားကြိမ်လုံးနှင့်ရိုက်၏။ ငါမူကား ကြာပွတ်နှင့်ရိုက်အံ့' ဟုပြန်ပြောသင့်ပါသည်'' ဟုလျှောက်ကြ၏။
12. မိမိတို့အားရောဗောင်မှာကြားလိုက်သည် အတိုင်းသုံးရက်ကြာသော်ယေရောဗောင်နှင့် ပြည်သူအပေါင်းတို့သည်သူ၏ထံသို့ပြန် လာကြ၏။-
13. မင်းကြီးသည်အသက်ကြီးသူတို့၏အကြံ ကိုလျစ်လူရှု၍၊-
14. လူငယ်တို့အကြံပေးသည့်အတိုင်းပြည်သူ တို့အား``ငါ့ခမည်းတော်သည်သင်တို့အပေါ် လေးလံသောထမ်းပိုးကိုတင်၏။ ငါမူကား ထိုထက်ပင်ပိုလေးလံသောထမ်းပိုးကိုတင် အံ့။ သူသည်သင်တို့အားကြိမ်လုံးနှင့်ရိုက်၏။ ငါမူကားကြာပွတ်နှင့်ရိုက်အံ့'' ဟုခက်ထန် စွာမိန့်တော်မူ၏။-
15. မင်းကြီးသည်ဤသို့ပြည်သူတို့၏စကား ကိုနားမထောင်ဘဲနေခြင်းမှာ ပရောဖက် အဟိယအားဖြင့်နေဗတ်၏သားယေရော ဗောင်အားပေးတော်မူသည့်ဗျာဒိတ်တော် အကောင်အထည်ပေါ်လာစေရန် ထာဝရ အရှင်ဘုရားသခင်အလိုရှိတော်မူသော ကြောင့်ဖြစ်၏။
16. မိမိတို့၏စကားကို နားထောင်တော့မည်မ ဟုတ်ကြောင်းသိရှိကြသောအခါ လူတို့ သည်``ဒါဝိဒ်နှင့်သူ၏အိမ်ထောင်စုသားထံ မှငါတို့ဝေပုံမရ။ ယေရှဲ၏သား၌ငါတို့ အမွေမခံရ။ အို ဣသရေလပြည်သူတို့၊ ငါတို့နေရပ်သို့ပြန်ကြကုန်အံ့။ ရောဗောင် သည်မိမိအိမ်ထောင်ကိုကြည့်ရှုပါစေ'' ဟုဟစ်အော်ကြကုန်၏။သို့ဖြစ်၍ဣသရေလပြည်သူတို့ပုန်ကန်ကြ သဖြင့်၊-
17. ရောဗောင်သည်ယုဒနယ်မြေတွင်နေထိုင်သူတို့ ကိုသာအုပ်စိုးရလေ၏။
18. ထိုအခါရောဗောင်မင်းသည်ချွေးတပ်တာဝန် ခံအဒေါနိရံအား ဣသရေလပြည်သူတို့ ထံစေလွှတ်တော်မူ၏။ သို့ရာတွင်ဣသရေလ ပြည်သူတို့ကထိုသူအားခဲနှင့်ပေါက်သတ် ကြသဖြင့် ရောဗောင်သည်မိမိရထားပေါ် သို့အဆောတလျင်တက်၍ယေရုရှလင် မြို့သို့ထွက်ပြေးလေ၏။-
19. ထိုကြောင့်ထိုကာလမှအစပြု၍ဣသရေလ ပြည်မြောက်ပိုင်းမှပြည်သူတို့သည် ဒါဝိဒ်မင်း ဆက်ကိုယနေ့တိုင်အောင်ပုန်ကန်ကြသတည်း။