13. အဗရှလုံသည်ဣသရေလအမျိုးသားတို့၏ ကျေးဇူးသစ္စာကိုခံယူရရှိနေပြီဖြစ်ကြောင်း ဒါဝိဒ်အားလူတစ်ယောက်သည်လာရောက် သတင်းပေးပို့၏။
14. ထို့ကြောင့်ဒါဝိဒ်သည်ယေရုရှလင်မြို့တွင် ရှိသည့်မှူးမတ်အပေါင်းတို့အား``အဗရှလုံ ၏လက်မှလွတ်မြောက်လိုလျှင်ငါတို့သည် ချက်ချင်းထွက်ခွာသွားရကြမည်။ ငါတို့ သည်အလျင်အမြန်မထွက်ခွာလျှင်သူသည် မကြာမီ ဤအရပ်သို့ရောက်ရှိလာလျက် ငါတို့ကိုနှိမ်နင်းကာမြို့သူမြို့သားအပေါင်း တို့ကိုသတ်ဖြတ်ပစ်လိမ့်မည်'' ဟုဆို၏။
15. ထိုသူတို့က``မှန်လှပါအရှင်မင်းကြီး၊ အကျွန်ုပ်တို့သည်အရှင့်အမိန့်တော်အတိုင်း ဆောင်ရွက်ရန်အသင့်ရှိပါ၏'' ဟုလျှောက် ထားကြ၏။-
16. သို့ကြောင့်မင်းကြီးသည် မိမိ၏အိမ်ထောင်စု သားချင်းများနှင့်မှူးမတ်များကိုခေါ်၍ ထွက်ခွာသွားတော်မူ၏။ နန်းတော်စောင့်အဖြစ် ဖြင့်မောင်းမတော်ဆယ်ယောက်သာလျှင်ကျန် ရစ်သတည်း။
17. မင်းကြီးတို့လူစုသည် ယင်းသို့ထွက်ခွာသွား ကြပြီးနောက် မြို့အစွန်၌ရှိသောအိမ်တစ် အိမ်တွင်ရပ်တန့်ကြ၏။-
18. မင်းကြီး၏မှူးမတ်အပေါင်းတို့သည်သူ၏ အနီးတွင်ရပ်၍နေစဉ် အစောင့်တပ်သားများ သည်မင်းကြီး၏ရှေ့မှဖြတ်သွားကြ၏။ ဂါသ မြို့မှလိုက်ပါလာကြသောတပ်သားခြောက် ရာတို့သည်လည်းယင်းသို့ဖြတ်သွားကြ သောအခါ၊-
19. မင်းကြီးကသူတို့၏ တပ်မှူးအိတ္တဲအား``သင် သည်အဘယ်ကြောင့်ငါတို့နှင့်အတူလိုက် လာပါသနည်း။ ဘုရင်သစ်ထံသို့ပြန်၍နေ ပါလော့။ သင်သည်လူမျိုးခြားဖြစ်ပါ၏။ မိမိ တိုင်းပြည်နှင့်လည်းဝေးကွာလျက်တိုင်း တစ်ပါးတွင်ခိုလှုံနေသူဖြစ်သည်။-
20. ဤအရပ်သို့ရောက်ရှိလာသည်မှာလည်းကာလ အနည်းငယ်သာရှိသေးသဖြင့် ငါသည်အဘယ် ကြောင့်သင့်အားငါနှင့်အတူအရပ်ရပ်သို့လှည့် လည်စေရပါမည်နည်း။ ငါအဘယ်အရပ်သို့ သွားရမည်ကိုပင်မသိ။ သင်သည်မိမိ၏အမျိုး သားတို့ကိုခေါ်၍ပြန်သွားပါလော့။ ထာဝရ ဘုရားသည်သင့်အားသစ္စာကရုဏာထား တော်မူပါစေသော'' ဟုမိန့်တော်မူ၏။
21. သို့ရာတွင်အိတ္တဲက``အရှင်မင်းကြီး၊ အကျွန်ုပ် သည်သေရမည်ဆိုသော်လည်း အရှင်မင်းကြီး သွားလေရာရာသို့အစဉ်လိုက်မည်ဖြစ်ကြောင်း ထာဝရဘုရား၏နာမတော်ကိုတိုင်တည် ကျိန်ဆိုပါ၏'' ဟုပြန်လည်လျှောက်ထား၏။
22. ဒါဝိဒ်က``ကောင်းပြီ။ ဆက်လက်ချီသွားလော့'' ဟု မိန့်တော်မူသဖြင့် အိတ္တဲသည်မိမိ၏လူစုနှင့် တကွသူတို့အားမှီခိုသူများကိုခေါ် သွား၏။-
23. ဒါဝိဒ်၏နောက်သို့လိုက်သူများထွက်ခွာသွား ကြသောအခါ ပြည်သူပြည်သားတို့သည်အော် ဟစ်ငိုကြွေးကြကုန်၏။ မင်းကြီးနှင့်နောက်လိုက် အပေါင်းတို့သည်ကေဒြုန်ချောင်းကိုကူး၍ တောကန္တာရသို့ရှေ့ရှုသွားကြလေသည်။
24. ယဇ်ပုရောဟိတ်ဇာဒုတ်နှင့်ပဋိညာဉ်သေတ္တာ တော်ကိုပင့်ဆောင်သောလေဝိအနွယ်ဝင်တို့ သည်ပါလာကြ၏။ သူတို့သည်ပဋိညာဉ် သေတ္တာတော်ကိုချထား၍ လူအပေါင်းတို့ မြို့မှထွက်ခွာပြီးချိန်တိုင်အောင်စောင့်နေ ကြ၏။ သူတို့အထဲတွင်အဗျာသာလည်း ပါ၏။-
25. ထိုနောက်မင်းကြီးသည်ဇာဒုတ်အား``ပဋိ ညာဉ်သေတ္တာတော်ကိုမြို့တွင်းသို့ပြန်၍ပင့် ဆောင်သွားလော့။ ထာဝရဘုရားသည်ငါ့ အားနှစ်သက်တော်မူလျှင် တစ်နေ့နေ့၌ထို သေတ္တာတော်ကိုလည်းကောင်း၊ သေတ္တာတော် ကျိန်းဝပ်ရာအရပ်ကိုလည်းကောင်း ကြည့်ရှုခွင့်ပေးတော်မူလိမ့်မည်။-
26. သို့ရာတွင်ငါ့အားနှစ်သက်တော်မမူပါ လျှင် ကိုယ်တော်အလိုတော်ရှိသည့်အတိုင်း ပြုတော်မူပါစေသော'' ဟုဆို၏။-