10. ထာဝရဘုရားသည်ကြွလာတော်မူ၍ ရှမွေလအနီးတွင်ရပ်တော်မူလျက်``ရှမွေလ၊ ရှမွေလ'' ဟုရှေးနည်းတူခေါ်တော်မူ၏။ရှမွေလက``အမိန့်ရှိတော်မူပါ။ ကိုယ်တော်၏ ကျွန်နာခံလျက်ရှိပါ၏'' ဟုလျှောက်၏။
11. ထာဝရဘုရားက``တစ်နေ့သောအခါ ဣသရေလအမျိုးသားတို့အားငါပြုမည့် အမှုသည်လွန်စွာကြောက်မက်ဖွယ်ကောင်းသဖြင့် ယင်းအကြောင်းကိုကြားသိရသူလူအပေါင်း တို့သည်ထိတ်လန့်၍သွားကြလိမ့်မည်။-
12. ထိုနေ့ကျရောက်သောအခါ ငါသည်ဧလိ၏ အိမ်ထောင်စုသားတို့အားဒဏ်စီရင်မည်ဟု မိန့်တော်မူခဲ့သည်အတိုင်း အစမှအဆုံး တိုင်အောင်ငါစီရင်မည်။-
13. သူ၏သားတို့သည်ငါ့အားပြစ်မှားပြောဆိုခဲ့ ကြသဖြင့် ငါသည်သူ၏အိမ်ထောင်စုကိုအပြစ် ဒဏ်စီရင်မည်ဖြစ်ကြောင်းဧလိအားပြောကြား ခဲ့ပြီးဖြစ်၏။ သူတို့သည်ဤသို့သောဒုစရိုက် များကိုပြုကျင့်လျက်နေကြောင်းကိုဧလိသိ သော်လည်းသူတို့အားမတားမြစ်။-
14. သို့ဖြစ်၍အဘယ်ယဇ်အဘယ်ပူဇော်သကာမျှ ဤဆိုးရွားသောအပြစ်ကိုဖြေလွတ်အောင်စွမ်း ဆောင်နိုင်လိမ့်မည်မဟုတ်ကြောင်း ငါသည်ဧလိ အိမ်ထောင်စုအားအလေးအနက်မြွက်ဆို၏'' ဟုမိန့်တော်မူ၏။
15. ရှမွေလသည်မိုးလင်းသည်တိုင်အောင်အိပ် ရာတွင်နေပြီးမှ ဘုရားသခင်၏အိမ်တော် တံခါးများကိုဖွင့်၏။ သူသည်မိမိမြင်ရ သည့်ဗျာဒိတ်ရူပါရုံအကြောင်းကိုဧလိ အားမပြောဝံ့။-
16. ဧလိက``ငါ့သားရှမွေလ'' ဟုခေါ်လျှင်၊``ရှိပါသည်အရှင်'' ဟုလျှောက်၏။
17. ဧလိက``သင့်အားထာဝရဘုရားအဘယ်သို့ မိန့်တော်မူသနည်း။ ငါ့ထံမှအဘယ်အရာကို မျှထိမ်ဝှက်၍မထားနှင့်။ ဘုရားသခင်မိန့် တော်မူသမျှသောအရာတို့ကိုငါ့အား မဖော်ပြပါမူ ကိုယ်တော်သည်သင့်အားပြင်း ထန်စွာဒဏ်ခတ်တော်မူလိမ့်မည်'' ဟုဆို၏။-
18. ထို့ကြောင့်ရှမွေလသည်အဘယ်အရာကိုမျှ ချန်လှပ်၍မထားဘဲ မိန့်တော်မူသမျှကိုပြန် ကြားလျှောက်ထားလေ၏။ ဧလိက``ကိုယ်တော် သည်ထာဝရဘုရားဖြစ်တော်မူ၏။ အလို တော်ရှိသည်အတိုင်းပြုတော်မူပါစေသော'' ဟုဆို၏။