20. သူသည်မြည်းကိုစီး၍လာရာတောင်ခြေလမ်း ကွေ့သို့ရောက်သောအခါ မိမိ၏ထံသို့ဦးတည် လာနေသောဒါဝိဒ်တို့လူစုနှင့်ရုတ်တရက် ဆုံမိလေ၏။-
21. ထိုသို့မဆုံမိခင်ဒါဝိဒ်က ဤသို့ဆို၏။ ``အဘယ် ကြောင့်တောကန္တာရတွင် ထိုလူ၏ပစ္စည်းဥစ္စာများ ကိုငါစောင့်ထိန်းပေးခဲ့မိပါသနည်း။ ယင်းသို့ သူ့အားကူညီစောင့်ရှောက်ခဲ့သဖြင့် ဤသို့ငါ့ အားကျေးဇူးကန်းလေပြီတကား။-
22. မိုးမလင်းမီသူတို့အားတစ်ယောက်မကျန် ငါမသတ်ပါမူ ဘုရားသခင်သည်ငါ့အား အဆုံးစီရင်တော်မူပါစေသော။''
23-24. အဘိဂဲလသည်ဒါဝိဒ်ကိုမြင်လျှင်ဆောလျင် စွာမြည်းပေါ်မှဆင်း၍ ဒါဝိဒ်၏ခြေရင်းတွင် မြေပေါ်သို့လှဲချကာ ဤသို့လျှောက်၏။ ``အရှင်၊ ကျေးဇူးပြု၍ကျွန်မ၏စကားကိုနားထောင် တော်မူပါ။ ဖြစ်ခဲ့သမျှအမှုအတွက်ကျွန်မ ကိုပင်အပြစ်တင်တော်မူပါ။-
25. အသုံးမကျသူ၊ နာဗလ၏စကားကိုဂရု ပြုတော်မမူပါနှင့်။ သူသည်မိမိနာမည်နှင့် လိုက်အောင် မိုက်မဲသူဖြစ်ပါ၏။ အရှင်၊ အရှင့်အစေခံများလာရောက်ချိန်က အိမ်တွင်ကျွန်မမရှိပါ။-
26. ရန်သူများကိုအရှင်ကိုယ်တိုင်သတ်ဖြတ်၍ လက် စားချေမှုကိုမပြုရန်ဆီးတားတော်မူသူမှာ ထာဝရဘုရားဖြစ်တော်မူပါ၏။ အရှင်၏ ရန်သူများသည်လည်းကောင်း၊ အရှင့်အားဘေး အန္တရာယ်ပြုလိုသူအပေါင်းတို့သည်လည်း ကောင်း နာဗလကဲ့သို့ပင်အပြစ်ဒဏ်စီရင် ခြင်းကိုခံရကြပါစေသောဟု အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည် ၍ကျွန်မကျိန်ဆိုပါ၏။-
27. အရှင်၊ အရှင်၏ထံသို့ကျွန်မယူဆောင်လာ သောလက်ဆောင်များကိုကျေးဇူးပြု၍ လက်ခံပြီးလျှင် အရှင်၏လူတို့အားပေး တော်မူပါ။-
28. ကျွန်မပြုမိခဲ့သောအမှားအတွက်အပြစ် လွှတ်တော်မူပါ။ အရှင်သည်ထာဝရဘုရား ၏စစ်ပွဲများကိုဆင်နွှဲလျက်ရှိသဖြင့် ထာဝရ ဘုရားသည်အရှင်နှင့်အရှင့်သားမြေးတို့အား မင်းမြှောက်တော်မူပါလိမ့်မည်။ အရှင်၌လည်း အသက်ထက်ဆုံးဘေးရောက်မည်မဟုတ်ပါ။-
29. အကယ်၍တစ်စုံတစ်ယောက်သောသူသည် အရှင့်အားတိုက်ခိုက်သတ်ဖြတ်ရန်ကြိုးစား ပါမူ လူသည်အဖိုးထိုက်သည့်ရတနာကို လုံခြုံစွာသိမ်းဆည်းထားတတ်သကဲ့သို့ ထာဝရဘုရားသည်အရှင်၏အသက်ကို လည်းဘေးမဲ့လုံခြုံစွာထားတော်မူပါလိမ့် မည်။ အရှင်၏ရန်သူတို့ကိုမူကား လူသည် ကျောက်ခဲကိုလောက်လွှဲဖြင့်ပစ်ထုတ်သကဲ့ သို့ကိုယ်တော်ပစ်ထုတ်တော်မူပါလိမ့်မည်။-