1. ထိုနည်းတူစွာဇနီးတို့၊ သင်တို့ခင်ပွန်းများ ၏အုပ်စိုးခြင်းကိုဝန်ခံကြလော့။ ဤနည်းအား ဖြင့်သင်တို့တွင်ဘုရားသခင်၏နှုတ်ကပတ်တော် ကိုမယုံကြည်သူခင်ပွန်းများရှိပါမူ သင်တို့ ၏အကျင့်အကြံအပြုအမူကသူတို့အား ယုံကြည်လာစေလိမ့်မည်။ သင်တို့နှုတ်ဖြင့်ပြော ရန်ပင်မလိုပေ။-
2. အဘယ်ကြောင့်ဆိုသော်သင်တို့အဘယ်မျှ စိတ်ထားဖြူစင်သည်ကိုလည်းကောင်း၊ ဘုရား တရားရိုသေကိုင်းရှိုင်းသည်ကိုလည်းကောင်း သူတို့တွေ့မြင်မည်ဖြစ်သောကြောင့်တည်း။-
3. သင်တို့၏ရုပ်ရည်လှပမှုသည်အပြင်အပ လက္ခဏာများဖြစ်သောဖီးလိမ်းဝတ်စားမှု၊ ကျောက်မျက်ရတနာဆင်ယင်မှုတို့အပေါ် တွင်မတည်စေဘဲ၊-
4. မိမိတို့အတွင်းစိတ်နှလုံးနှင့်ဆိုင်သော နူးညံ့သိမ်မွေ့သည့်သဘောတည်းဟူသော ထာဝစဉ်လှပမှုပေါ်တွင်တည်စေကြလော့။ ယင်းလှပမှုသည်ဘုရားသခင်ရှေ့တော် မှောက်၌၊ အလွန်အဖိုးထိုက်ပေသည်။-
5. ရှေးအခါကဘုရားတရားကြည်ညို၍ ဘုရားသခင်ကိုမျှော်လင့်ကိုးစားသော အမျိုးသမီးတို့သည် မိမိတို့ခင်ပွန်းများ ၏စကားကိုနားထောင်ခြင်းအားဖြင့်လှပ အောင်တန်ဆာဆင်ကြ၏။-
6. ဥပမာပြောရသော်စာရာသည်အာဗြဟံ ၏စကားကိုနားထောင်၏။ အာဗြဟံကိုသခင် ဟုခေါ်၏။ သင်တို့သည်မည်သည်ကိုမျှကြောက်ရွံ့ ခြင်းမရှိဘဲ ကောင်းမြတ်သည့်အကျင့်ကိုပြု ကျင့်ပါလျှင်စာရာ၏သမီးများဖြစ်ကြ၏။
7. ထိုနည်းတူစွာခင်ပွန်းတို့၊ သင်တို့သည်မိမိတို့ ဇနီးများအားနွဲ့သူများဖြစ်သည်ကိုထောက်၍ သူတို့နှင့်ပေါင်းသင်းနေထိုင်ရကြမည်။ သူတို့ သည်သက်ဆိုင်ရာဆုကျေးဇူးကိုသင်တို့နှင့် အတူခံစားရကြမည့်သူများဖြစ်သဖြင့် သင်တို့သည်သူတို့ကိုလေးစားစွာဆက်ဆံ ရကြမည်။ သို့မှသာသင်တို့၏ပတ္ထနာများ ကိုအဆီးအတားရှိမည်မဟုတ်။
8. နောက်ဆုံးဖော်ပြလိုသည်မှာ သင်တို့သည် တစ်စိတ်တစ်ဝမ်းတည်းရှိကြလော့။ စာနာ ထောက်ထား၍တစ်ယောက်ကိုတစ်ယောက် ညီ ရင်းအစ်ကိုကဲ့သို့ချစ်ကြလော့။ ကြင်နာ သနားတတ်သောသဘော၊ နှိမ့်ချတတ်သော သဘောရှိကြလော့။-
9. အဆိုးကိုအဆိုးအားဖြင့်လည်းကောင်း၊ ကျိန် ဆဲခြင်းကိုကျိန်ဆဲခြင်းအားဖြင့်လည်းကောင်း တုံ့ပြန်ခြင်းမပြုကြနှင့်။ ယင်းသို့ပြုမည့် အစားကောင်းချီးပေးကြလော့။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်ကတိထားတော်မူသည့် ကောင်းချီးမင်္ဂလာကိုခံစားစေရန် သင်တို့ အားကိုယ်တော်ခေါ်ယူရွေးကောက်တော်မူခဲ့ သောကြောင့်တည်း။-
10. အောက်ပါကျမ်းစာတော်အရဖော်ပြသည် နှင့်အညီဖြစ်သည်။``မိမိဘဝကိုချစ်မြတ်နိုး၍စီးပွားချမ်း သာကို အလိုရှိသူသည်၊မိမိ၏လျှာကိုမညစ်ညမ်းစေရန်ထိန်းသိမ်း ရမည်။မိမိနှုတ်ကိုလည်းလိမ်လည်လှည့်ဖြားမှုနှင့် ကင်းစေရမည်။
11. သူသည်ဒုစရိုက်ကိုရှောင်ရှားလျက် သုစရိုက်ကိုပြုရမည်။ငြိမ်းချမ်းမှုအတွက်အစွမ်းကုန်ကြိုးပမ်း ရမည်။
12. အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည်ဖြောင့်မတ်သူတို့အား၊ကြည့်ရှုစောင့်ရှောက်တော်မူ၍သူတို့၏ဆုတောင်းပတ္ထနာများကို၊ နားညောင်းတော်မူသောကြောင့်တည်း။သို့ရာတွင်ဒုစရိုက်ပြုသူတို့ထံမှ မျက်နှာလွှဲတော်မူ၏။''
13. သို့ဖြစ်၍သုစရိုက်တရားကိုသင်တို့ခုံမင် စွဲလမ်းကြပါမူအဘယ်သူသည်သင်တို့အား ဘေးသင့်စေနိုင်မည်နည်း။-
14. သို့ရာတွင်အကယ်၍သင်တို့သည်အမှန်တရား ကိုကျင့်သုံးမှုကြောင့်ဒုက္ခဆင်းရဲခံရသော်မင်္ဂ လာရှိကြ၏။ မည်သူအားမျှမကြောက်ကြနှင့်။ မစိုးရိမ်ကြနှင့်။-
15. သို့ရာတွင်သင်တို့စိတ်နှလုံးတွင်ခရစ်တော် ကိုရိုသေကိုင်းရှိုင်း၍အရှင်သခင်အဖြစ်ဖြင့် ခံယူကြလော့။ သင်တို့ခံယူရရှိသည့်မျှော် လင့်ချက်အကြောင်းကိုစစ်ဆေးမေးမြန်းလာ သူအားအချိန်မရွေးရှင်းလင်းဖော်ပြရန် အသင့်ရှိကြလော့။-