3. ကွဲလွဲသည့်အယူဝါဒကိုဟောပြောသွန်သင် ၍ ငါတို့အရှင်ယေရှုခရစ်၏ဟုတ်မှန်သည့် စကားကိုလည်းကောင်း၊ ငါတို့ဘာသာတရား တော်ကိုလည်းကောင်းဝန်မခံသူသည်ကား၊-
4. မာနကြီးလျက်အဘယ်အမှုအရာကို မျှမသိသူတည်း။ သူသည်စကားအသုံး အနှုန်းနှင့်စပ်လျဉ်း၍ ငြင်းခုံခြင်းဝါသနာ ထုံသောသူဖြစ်သည်။ ထိုအပြုအမူသည် မနာလိုမှု၊ အငြင်းပွားမှု၊ စော်ကားမှု၊ ဆိုးရွားသောမယုံသင်္ကာရှိမှု၊-
5. အစဉ်မပြတ်အငြင်းပွားမှုတို့ကိုပေါ် ပေါက်စေ၏။ ဤအမှုများကိုပြုကျင့်တတ် သူတို့သည်ကား စိတ်မမှန်၍သမ္မာတရား ကိုမသိသူများဖြစ်ပေသည်။ ဘာသာရေး မှစီးပွားရေးအမြတ်အစွန်းရရှိသည် ဟုသူတို့ထင်မှတ်ကြ၏။
6. ငါတို့သည်ရှိသမျှဖြင့်တင်းတိမ်ရောင့်ရဲ တတ်ကြပါမူ ဘာသာရေးမှကြီးမားသော အမြတ်အစွန်းကိုအမှန်ပင်ရရှိနိုင်ကြ ပေသည်။-
7. လောကထဲသို့လာစဉ်အခါကငါတို့သည် အဘယ်အရာကိုမျှယူဆောင်၍မလာခဲ့ ကြ။ လောကမှထွက်ခွာသွားကြသောအခါ ၌လည်းအဘယ်အရာကိုမျှယူ၍မသွား နိုင်။-
8. သို့ဖြစ်၍ငါတို့တွင်စားစရာဝတ်စရာရှိ လျှင်ရောင့်ရဲကြကုန်အံ့။-
9. ချမ်းသာကြွယ်ဝလိုသူတို့သည်အပြစ်သွေး ဆောင်ခြင်းကိုခံရကြ၏။ သူတို့သည်မိုက်မဲ ၍အကျိုးယုတ်စေတတ်သည့်စွဲလမ်းတပ်မက် မှုတို့ဖြင့်ကျော့မိကြ၏။ ထိုစွဲလမ်းတပ်မက်မှု များသည်သူတို့အားပျက်စီးဆုံးရှုံးစေ တတ်၏။-
10. အဘယ်ကြောင့်ဆိုသော်ငွေကိုစွဲလမ်းတပ် မက်ခြင်းသည်မကောင်းမှုအမျိုးမျိုးတို့၏ မူလအခြေအမြစ်ဖြစ်သောကြောင့်တည်း။ အချို့သောသူတို့သည်ငွေကိုခုံမင်လှ သဖြင့် ယုံကြည်ခြင်းတရားလမ်းမှလွဲ သွား၍ ပူဆွေးလျက်ဝမ်းနည်းပက်လက် ဖြစ်ရကြ၏။
11. အို ဘုရားသခင်၏အစေခံ၊ သင်မူကား ထိုမကောင်းမှုအပေါင်းကိုရှောင်ကြဉ်လော့။ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့ သိမ်မွေ့ခြင်းစသည့်ပါရမီများနှင့် ပြည့်ဝစေရန်ကြိုးစားအားထုတ်လော့။-
12. ယုံကြည်ခြင်းဆိုင်ရာပြေးပွဲတွင်အစွမ်း ကုန်ပြေး၍ထာဝရအသက်တည်းဟူသော အောင်ဆုကိုသင်ရရှိစေရန် သင့်အားဘုရား သခင်ခေါ်ယူတော်မူသောအခါ၌ သင် သည်များစွာသောအသိသက်သေတို့ရှေ့ တွင်သင်၏ယုံကြည်ခြင်းကိုခိုင်မာစွာ ဝန်ခံခဲ့ပေသည်။-
13. အရာခပ်သိမ်းတို့ကိုအသက်ရှင်စေတော် မူသောဘုရားသခင်၏ရှေ့တော်မှောက်၌ လည်းကောင်း၊ ပုန္တိပိလတ်မင်း၏ရှေ့တွင်မိမိ ၏ယုံကြည်ချက်ကိုခိုင်မာစွာဖော်ပြတော် မူသော ခရစ်တော်ယေရှု၏ရှေ့တော်မှောက် ၌လည်းကောင်း သင့်အားဤအလုပ်တာဝန် ကိုဆောင်ရွက်ရန်ငါပညတ်၏။-
14. သင့်အားအပ်နှင်းထားသည့်တာဝန်ကို ဆောင်ရွက်လော့။ ငါတို့အရှင်ယေရှုခရစ် ကြွလာတော်မူသည်အထိဤအလုပ် တာဝန်ကိုသစ္စာနှင့်ထမ်းဆောင်လော့။-
15. မင်္ဂလာရှိတော်မူသောတစ်ဆူတည်းသော အရှင်၊ ဘုရင်တကာတို့၏ဘုရင်၊ အရှင် တကာတို့၏အရှင်ဘုရားသခင်သည် ကာလအချိန်ရောက်သောအခါကိုယ်တော် အားထင်ရှားပေါ်ထွန်းစေတော်မူလိမ့်မည်။-
16. ဘုရားသခင်တစ်ပါးတည်းသာလျှင်နိစ္စ ဖြစ်တော်မူ၏။ ကိုယ်တော်သည်အဘယ်သူမျှ မချဉ်းကပ်နိုင်သည့်အလင်းရောင်တွင်ကျိန်း ဝပ်တော်မူ၏။ ကိုယ်တော်အားအဘယ်သူမျှ မဖူးမမြင်စဖူး။ အဘယ်သူမျှလည်း မဖူးမမြင်နိုင်။ ကိုယ်တော်၌ဂုဏ်အသရေ တော်နှင့်ထာဝရဘုန်းအာနုဘော်တော် ရှိတော်မူစေသတည်း။ အာမင်။