11. ထပ်မံ၍ငါမိန့်ဆိုသည်မှာ ဤအမိန့်ကိုမနာခံသောသူအား သူ၏အိမ်မှယက်မတစ်ချောင်းကိုယူ၍ထိပ်ကိုချွန်အောင်ပြုလျက်၊ သပ်လျှို၍သတ်စေ၊ သူ၏အိမ်သည်လည်းအမှိုက်ပုံကဲ့သို့ဖြစ်ပါစေ။-
12. ယေရုရှလင်မြို့ကို မိမိအားကိုးကွယ်ဝတ်ပြုရာဌာနတော်အဖြစ်ရွေးချယ်သတ်မှတ်တော်မူသောဘုရားသခင်သည် ဤအမိန့်ကိုဖီဆန်ကာယေရုရှလင်မြို့ဗိမာန်တော်ကိုဖြိုဖျက်ရန်ကြိုးစားသူ အဘယ်ဘုရင်သို့မဟုတ်လူမျိုးကိုမဆိုဖျက်ဆီးတော်မူပါစေသတည်း။ ဤကားငါဒါရိမင်း၏အမိန့်တော်ဖြစ်၏။ အမိန့်တော်အတိုင်းနာခံကြလော့'' ဟုဖော်ပြပါရှိလေသည်။
13. ထိုအခါဘုရင်ခံတာတနဲ၊ ရှေသာဗောဇနဲနှင့်သူတို့၏လုပ်ဖော်ဆောင်ဘက်အရာရှိများသည် မင်းကြီးမိန့်တော်မူသည့်အတိုင်း တစ်သဝေမတိမ်းဆောင်ရွက်ကြလေသည်။-
14. ယုဒခေါင်းဆောင်တို့သည်ဟ္ဂဲနှင့်ဇာခရိတို့၏အားပေးမှုကြောင့် ဗိမာန်တော်တည်ဆောက်မှုကိုတိုးတက်အောင်မြင်စွာဆောင်ရွက်နိုင်ကြလေသည်။ သူတို့သည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်အမိန့်တော်နှင့် ပေရသိဘုရင်များဖြစ်သည့်ကုရုမင်း၊ ဒါရိမင်းနှင့်အာတဇေရဇ်မင်းတို့၏အမိန့်တော်များအရ ဗိမာန်တော်ကိုအပြီးတိုင်တည်ဆောက်ကြရာ၊-
15. ဒါရိမင်းနန်းစံခြောက်နှစ်မြောက်၊ အာဒါလသုံးရက်နေ့၌လက်စသတ်ကြ၏။-
16. ထိုနောက်ဣသရေလပြည်သူများဖြစ်ကြသည့်ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့် ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူမှန်သမျှတို့သည် ဗိမာန်တော်ကိုရွှင်လန်းဝမ်းမြောက်စွာ အနုမောဒနာပြုကြကုန်၏။-
17. ထိုအနုမောဒနာပွဲ၌သူတို့သည်နွားကောင်ရေတစ်ရာ၊ သိုးကောင်ရေနှစ်ရာနှင့်သိုးသားငယ်ကောင်ရေလေးရာကိုယဇ်ကောင်များအဖြစ်ဖြင့်လည်းကောင်း၊ ဣသရေလတစ်နွယ်လျှင်ဆိတ်တစ်ကောင်ကျဖြင့် ဆိတ်တစ်ဆယ့်နှစ်ကောင်ကိုအပြစ်ဖြေရာပူဇော်သကာအဖြစ်ဖြင့်လည်းကောင်းပူဇော်ကြ၏။-
18. သူတို့သည်မောရှေ၏ကျမ်းတွင်ပါရှိသည့်ညွှန်ကြားချက်များအတိုင်း ယေရုရှလင်မြို့ဗိမာန်တော်တွင်ကိုးကွယ်ဝတ်ပြုမှုအတွက် ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များအားအလှည့်ကျခွဲထားသောတာဝန်ကိုပေးအပ်ကြလေသည်။
19. ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသောသူတို့သည် ပသခါပွဲတော်ကိုပထမလ၊ တစ်ဆယ့်လေးရက်နေ့၌ကျင်းပကြ၏။-
20. ယဇ်ပုရောဟိတ်နှင့်လေဝိအနွယ်ဝင်အပေါင်းတို့သည် မိမိတို့ကိုယ်ကိုသန့်ရှင်းစေသဖြင့် ဘာသာရေးထုံးနည်းအရသန့်စင်လျက်ရှိကြ၏။ လေဝိအနွယ်ဝင်တို့သည်မိမိတို့ပြည်သို့ပြန်လာကြသူများ၊ ယဇ်ပုရောဟိတ်များနှင့် မိမိတို့ကိုယ်တိုင်တို့အတွက်ပသခါယဇ်ကောင်များကိုသတ်ကြ၏။-
21. ထိုယဇ်ကောင်တို့၏အသားကိုပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူ ဣသရေလအမျိုးသားတို့နှင့်တကွထိုဒေသတွင်နေထိုင်လျက်ရှိသောသူတို့၏ရုပ်တုကိုးကွယ်မှုကိုစွန့်လွှတ်ကြသူများနှင့် ဘုရားသခင်ထာဝရဘုရားကိုကိုးကွယ်ရန်လာကြသူအပေါင်းတို့သည်စားကြ၏။-
22. သူတို့သည်ခုနစ်ရက်တိုင်တိုင် တဆေးမဲ့မုန့်ပွဲတော်ကိုဝမ်းမြောက်ရွှင်လန်းစွာကျင်းပကြလေသည်။ ဣသရေလအမျိုးသားတို့၏ဘုရားသခင်အတွက် ဗိမာန်တော်ကိုတည်ဆောက်ရာတွင်ထာဝရဘုရားသည်အာရှုရိဧကရာဇ်မင်း အားထောက်ပံ့ကူညီလိုစိတ်ကိုသွင်းပေးတော်မူ၏။ သို့ဖြစ်၍သူတို့သည် အလွန်ပင်ဝမ်းမြောက်ကြလေသည်။