1. သို့ဖြစ်၍ဧကရာဇ်မင်းဒါရိသည်ဗာဗုလုန်မြို့တွင် ထားရှိသည့်နန်းတော်မှတ်တမ်းများတွင်ရှာဖွေကြည့်ရှုရန်အမိန့်ပေးတော်မူ၏။-
2. သို့ရာတွင်အောက်ပါမှတ်တမ်း၌ပါရှိသည့်စာလိပ်ကို မေဒိပြည်နယ်၊ အာခမေသမြို့၌သာတွေ့ရှိကြရ၏။
3. ထိုစာလိပ်တွင်``ကုရုဘုရင်သည်မိမိနန်းစံပထမနှစ်၌ယဇ်များကိုပူဇော်ရန်နှင့် ပူဇော်သကာများကိုမီးရှို့ရန်ဌာနတော်အဖြစ်ဖြင့် ယေရုရှလင်မြို့ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ရမည်ဟုအမိန့်တော်ရှိ၏။ ဗိမာန်တော်သည်အမြင့်ပေကိုးဆယ်နှင့်အချင်းပေကိုးဆယ်ရှိရမည်။-
4. နံရံများကိုကျောက်တုံးတန်းသုံးဆင့်၊ သစ်သားတန်းတစ်ဆင့်ကျအထပ်ထပ်ဆောက်လုပ်ရမည်။ ကုန်ကျသည့်စရိတ်မှန်သမျှကို ဘုရင့်ဘဏ္ဍာတော်တိုက်မှထုတ်၍သုံးစွဲရမည်။-
5. ယေရုရှလင်မြို့ဗိမာန်တော်မှဗာဗုလုန်မြို့သို့ နေဗုခဒ်နေဇာမင်းယူဆောင်လာခဲ့သည့်ရွှေငွေအသုံးအဆောင်ရှိသမျှကိုလည်း သက်ဆိုင်ရာယေရုရှလင်မြို့ဗိမာန်တော်သို့ပြန်လည်ပေးပို့ရမည်'' ဟူ၍ဖော်ပြပါရှိပါ၏။
6. ဧကရာဇ်မင်းဒါရိသည်ပြန်ကြားစာကိုပေးပို့တော်မူသည်။ ထိုပြန်ကြားစာတွင်၊``ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်ဘုရင်ခံတာတနဲ၊ ရှေသာဗောဇနဲ၊ ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်ရှိ သင်တို့၏လုပ်ဖော်ဆောင်ဘက်အရာရှိများသို့၊``သင်တို့သည်ဗိမာန်တော်အနီးသို့မချဉ်းမကပ်ကြနှင့်။-
7. ဗိမာန်တော်တည်ဆောက်မှုကိုလည်းမနှောင့်ယှက်ကြနှင့်။ ယုဒဘုရင်ခံနှင့်ယုဒခေါင်းဆောင်တို့အား ဘုရားသခင်၏ဗိမာန်တော်ကိုနေရာဟောင်းတွင် ပြန်လည်တည်ဆောက်ခွင့်ပြုကြလော့။-
8. ပြန်လည်တည်ဆောက်မှုတွင်သူတို့ကိုကူညီကြရန် ယခုသင်တို့အားငါအမိန့်တော်ရှိသည်။ တည်ဆောက်မှုအဆက်မပြတ်စေရန် ကုန်ကျစရိတ်များကိုဥဖရတ်မြစ်အနောက်ဘက်ဒေသမှ ကောက်ခံရရှိသောအခွန်ငွေများဖြစ်သည့်ဘုရင်၏ဘဏ္ဍာတော်မှမဆိုင်းမတွထုတ်ပေးကြလော့။-
11. ထပ်မံ၍ငါမိန့်ဆိုသည်မှာ ဤအမိန့်ကိုမနာခံသောသူအား သူ၏အိမ်မှယက်မတစ်ချောင်းကိုယူ၍ထိပ်ကိုချွန်အောင်ပြုလျက်၊ သပ်လျှို၍သတ်စေ၊ သူ၏အိမ်သည်လည်းအမှိုက်ပုံကဲ့သို့ဖြစ်ပါစေ။-
12. ယေရုရှလင်မြို့ကို မိမိအားကိုးကွယ်ဝတ်ပြုရာဌာနတော်အဖြစ်ရွေးချယ်သတ်မှတ်တော်မူသောဘုရားသခင်သည် ဤအမိန့်ကိုဖီဆန်ကာယေရုရှလင်မြို့ဗိမာန်တော်ကိုဖြိုဖျက်ရန်ကြိုးစားသူ အဘယ်ဘုရင်သို့မဟုတ်လူမျိုးကိုမဆိုဖျက်ဆီးတော်မူပါစေသတည်း။ ဤကားငါဒါရိမင်း၏အမိန့်တော်ဖြစ်၏။ အမိန့်တော်အတိုင်းနာခံကြလော့'' ဟုဖော်ပြပါရှိလေသည်။