7. တစ်ဖန်ပေရသိဧကရာဇ်ဘုရင်အာတဇေရဇ်လက်ထက်၌ဗိရှလံ၊ မိသရေဒတ်၊ တဗေလနှင့်သူတို့၏အပေါင်းအဖော်တို့သည် မင်းကြီးထံသို့လျှောက်လွှာတင်သွင်းကြ၏။ ထိုလျှောက်လွှာကိုအာရမိဘာသာစကားဖြင့် ရေးသားပြန်ဆိုကာဖတ်ပြရန်ပင်ဖြစ်သည်။
8. ထို့ပြင်ယေရုရှလင်မြို့အကြောင်းနှင့်ပတ်သက်၍ ဘုရင်ခံရေဟုံနှင့်အတွင်းဝန်ရှိမရှဲတို့က အာတဇေရဇ်မင်းထံသို့အောက်ဖော်ပြပါစာကိုရေးသားပေးပို့ကြလေသည်။
9. ``ဘုရင်ခံရေဟုံ၊ အတွင်းဝန်ရှိမရှဲနှင့်သူတို့၏အပေါင်းအဖော်များ၊ တရားသူကြီးများ၊ ဘေရက်မြို့၊ ဗာဗုလုန်မြို့၊ ဧလံပြည်ရှိရှုရှန်မြို့တို့မှ လာရောက်အမှုထမ်းကြသောအရာရှိများ၊-
10. ရှမာရိမြို့နှင့်ဥဖရတ်မြစ်ကြီးအနောက်ဘက်ရှိပြည်နယ် သို့ပြောင်းရွှေ့နေထိုင်စေရန်တန်ခိုးကြီးမားသည့်အာသနပ္ပါမင်းစေလွှတ်လိုက်သည့်အခြားပြည်သူများထံမှ''
11. (စာတွင်ပါရှိသည့်အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်သည်။)``အာတဇေရဇ်မင်းထံသို့ဘုရင်အစေခံများဖြစ်ကြသော ဥဖရတ်မြစ်ကြီးအနောက်ဘက်ပြည်နယ်သားတို့ကအစီရင်ခံအပ်ပါသည်။''
12. ``အရှင်၏အခြားနယ်မြေများမှ ဤအရပ်သို့လာရောက်ကြသောယုဒအမျိုးသားတို့သည် ယေရုရှလင်မြို့တွင်အခြေစိုက်နေထိုင်ကာ ထိုဆိုးညစ်ပုန်ကန်တတ်သောမြို့ကိုပြန်လည်တည်ဆောက်လျက်ရှိကြောင်း အရှင့်အားအကျွန်ုပ်တို့လျှောက်ထားအပ်ပါသည်။ သူတို့သည်မြို့ရိုးများကို ပြန်လည်စတင်ဆောက်လုပ်လျက်နေကြပြီဖြစ်၍မကြာမီပြီးစီးပါမည်။-