1. ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသောသူတို့သည် ဣသရေလအမျိုးသားတို့ဘုရားသခင်ထာဝရဘုရား၏ဗိမာန်တော်ကို ပြန်လည်တည်ဆောက်လျက်ရှိကြောင်း ယုဒအနွယ်နှင့်ဗင်္ယာမိန်အနွယ်တို့၏ရန်သူများကြားသိကြသောအခါ၊-
2. သူတို့သည်ဇေရုဗဗေလနှင့်သားချင်းစုခေါင်းဆောင်များထံသို့သွား၍``ဗိမာန်တော်တည်ဆောက်မှုတွင် ငါတို့ကိုလည်းသင်တို့နှင့်အတူပါဝင်ခွင့်ပြုပါ။ ငါတို့သည်သင်တို့ကိုးကွယ်သည့်ဘုရားကိုပင်ကိုးကွယ်ပါ၏။ ငါတို့အားဤအရပ်တွင်နေထိုင်ရန်အာရှုရိဘုရင်ဧသရဟဒ္ဒုန်စေလွှတ်လိုက်ချိန်မှအစပြု၍ ထိုဘုရားကိုယဇ်ပူဇော်ခဲ့ကြပါသည်'' ဟုပြောကြားကြ၏။
3. ဇေရုဗဗေလ၊ ယောရှုနှင့်သားချင်းစုဦးစီးများက သူတို့အား``ငါတို့သည်ငါတို့၏ဘုရားသခင်ထာဝရဘုရားအတွက်ဗိမာန်တော်တည်ဆောက်ရာတွင် သင်တို့၏အကူအညီကိုမလိုပါ။ ပေရသိဘုရင်ကုရု၏အမိန့်တော်အရ ထိုဗိမာန်တော်ကိုငါတို့ကိုယ်တိုင်တည်ဆောက်ကြပါမည်'' ဟုပြန်ပြောကြ၏။
4. ထိုအခါထိုပြည်တွင်နေထိုင်လာခဲ့ကြသူများသည် တည်ဆောက်သောယုဒအမျိုးသားတို့ကို စိတ်ပျက်အားလျော့၍အထမမြောက်စေရန် အစိုးရအရာရှိတို့အားတံစိုးလက်ဆောင်ပေးကြ၏။-
5. ဧကရာဇ်မင်းကုရုလက်ထက်မှဧကရာဇ်မင်းဒါရိလက်ထက်တိုင်အောင် သူတို့သည်ဤအတိုင်းနှောင့်ယှက်ကြလေသည်။
6. ပေရသိဧကရာဇ်ဘုရင်ဇေရဇ်နန်းတက်စ၌ ယုဒပြည်နှင့်ယေရုရှလင်မြို့တွင်နေထိုင်ကြသူတို့၏ရန်သူများသည် သူတို့အပေါ်၌စွပ်စွဲချက်တင်သွင်းကြ၏။
7. တစ်ဖန်ပေရသိဧကရာဇ်ဘုရင်အာတဇေရဇ်လက်ထက်၌ဗိရှလံ၊ မိသရေဒတ်၊ တဗေလနှင့်သူတို့၏အပေါင်းအဖော်တို့သည် မင်းကြီးထံသို့လျှောက်လွှာတင်သွင်းကြ၏။ ထိုလျှောက်လွှာကိုအာရမိဘာသာစကားဖြင့် ရေးသားပြန်ဆိုကာဖတ်ပြရန်ပင်ဖြစ်သည်။