1. ငါသည်အရှင်ထာဝရဘုရားထံမှရူပါရုံ တစ်ခုကိုမြင်ရ၏။ ထိုရူပါရုံတွင်အသီး မှည့်များထည့်ထားသောခြင်းတောင်းတစ်ခု ကိုတွေ့ရ၏။-
2. ထာဝရဘုရားကငါ့အား``အာမုတ် အဘယ်အရာကိုမြင်သနည်း'' ဟု မေး တော်မူသဖြင့်၊ငါကလည်း``အသီးမှည့်များထည့်ထားသော ခြင်းတောင်းတစ်ခုကိုမြင်ရပါသည်'' ဟု လျှောက်လေသည်။ ထာဝရဘုရားကငါ ၏လူမျိုးတော်ဣသရေလတို့သည်မှည့် ရော်၍ ကြွေပျက်တော့မည့်နောက်ဆုံးသော ကာလသို့ရောက်လာပြီ။ ငါသည်သူတို့ ၏ပြစ်မှုများကိုသည်းမခံတော့ဘဲ အပြစ်ပေးရတော့မည်။-
3. ထိုနေ့၌နန်းတွင်းတေးသံတို့သည် ငိုကြွေး သံများအဖြစ်သို့ကူးပြောင်းသွားလိမ့်မည်။ နေရာအနှံ့အပြား၌အလောင်းကောင် များရှိနေပြီး ယင်းအလောင်းများကိုတိတ် တဆိတ်စွန့်ပစ်ကြလိမ့်မည်'' ဟုအရှင် ထာဝရဘုရားမိန့်တော်မူ၏။
4. ငတ်မွတ်သူများကိုနင်းချေ၍ဆင်းရဲသော ပြည်သူတို့အား ဖိနှိပ်ချုပ်ချယ်နေကြသူ တို့၊ ဤစကားကိုနားထောင်ကြလော့။-
5. ``ငါတို့သည်ဂျုံစပါးကိုရောင်းလိုလှပြီ။ သန့်ရှင်းရာနေ့လွန်အောင်ပင်မစောင့်နိုင်အောင် ဖြစ်နေကြပြီ။ ဥပုသ်နေ့သည်ဘယ်သောခါ မှကုန်ပါမည်နည်း။ ထိုနေ့လွန်လျှင်ငါတို့ သည်မမှန်သောတင်းတောင်းနှင့် အလေးခိုး ပြီးမမှန်သောချိန်ခွင်ကိုသုံး၍စျေးတင် ရောင်းချမည်။-
6. တန်ဖိုးမရှိသောဂျုံစပါးကိုတက်စျေး ဖြင့်ရောင်းမည်။ အကြွေးနစ်လွန်းသဖြင့် ဆင်းရဲနေသူကိုရှာပြီးကျွန်အဖြစ်နှင့် ခြေနင်းတစ်ရံစာမျှဖြင့်ဝယ်ယူမည်'' ဟုသင်တို့ဆိုကြလေပြီ။
7. ထာဝရဘုရားက``ငါသည်ဤသူတို့၏ ယုတ်မာမှုများကို ဘယ်သောခါမှမမေ့ နိုင်ဟုယာကုပ်၏ဘုန်းတန်ခိုးကိုတိုင်တည် ၍ကျိန်ဆိုတော်မူပြီ။-
8. ဤပြစ်မှုများကြောင့်မြေငလျင်ကြီးလှုပ်ခါ တစ်ပြည်လုံးရှိပြည်သူမှန်သမျှဝမ်းနည်းပူ ဆွေးရကြမည်။ တစ်နိုင်ငံလုံးသည်အီဂျစ်ပြည် မှနိုင်းမြစ်ကဲ့သို့တက်၍ကျ၍ဆတ်ဆတ် ခါအောင်တုန်လှုပ်သွားလိမ့်မည်။-
9. ငါသည်ထိုနေ့တွင်မွန်းတည့်အချိန်၌နေကို ဝင်စေပြီးနေ့အချိန်မှာပင် မြေတစ်ပြင်လုံး ၌အမှောင်ဖုံးသွားစေမည်ဟုအရှင်ထာဝရ ဘုရားမိန့်တော်မူ၏။-
10. သင်တို့ပျော်ပွဲရွှင်ပွဲများကိုမသာပွဲအဖြစ် သို့ပြောင်းပစ်မည်။ သင်တို့တက်ကြွရွှင်မြူးသော တေးသံတို့ကိုငိုကြွေးသံများဖြစ်သွားစေ မည်။ သင်တို့သည်ဆံပင်များကိုရိတ်ပြီးလျှော် တေအဝတ်ကိုဝတ်ရလိမ့်မည်။ တစ်ဦးတည်း သောသားသေဆုံးသဖြင့်ရတက်ပွားရသည့် မိဘပမာဖြစ်ရကြမည်။ နေဝင်သည့်တိုင် ထိုနေ့တာသည်ဆိုးဝါးလှမည်။