9. ``သူတို့၏တပ်များသည်အပြင်းအထန်ရှေ့သို့ချီတက်လျက်တိုက်ခိုက်အောင်မြင်ကြကုန်၏။ သူတို့ဖမ်းဆီးရမိသည့်သုံ့ပန်းများမှာသဲလုံးနှင့်အမျှများပေသည်။-
10. သူတို့သည်ပြည့်ရှင်မင်းများကိုမထီမဲ့မြင်ပြုကြ၏။ မှူးကြီးမတ်ရာတို့ကိုပြက်ရယ်ပြုကြ၏။ သူတို့အားအဘယ်ခံတပ်မျှမတားမဆီးနိုင်။ သူတို့သည်မြေကတုတ်များကိုဖို့လုပ်၍ခံတပ်တို့ကိုတိုက်ခိုက်သိမ်းယူကြလေသည်။-
11. ထိုနောက်မိမိတို့၏တန်ခိုးအာဏာကို ဘုရားအမှတ်ဖြင့်ကိုးကွယ်ကြကုန်သောထိုသူတို့သည် လေကဲ့သို့တဟုန်တည်းပြင်းစွာဖြတ်ကျော်ထွက်ခွာသွားကြ၏'' ဟုမိန့်တော်မူ၏။
12. အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အစဦးကာလကပင်ဘုရားသခင်ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူပါ၏။ သန့်ရှင်းမြင့်မြတ်တော်မူလျက်ထာဝရကာလတည်ရှိတော်မူ၏။ အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ဘုရားသခင်ကွယ်ကာရာကျောက်``ကိုယ်တော်ရှင်သည်ဗာဗုလုန်အမျိုးသားတို့ကိုရွေးချယ်တော်မူ၍ ကျွန်တော်မျိုးတို့အားအပြစ်ဒဏ်ခတ်နိုင်စေရန် သူတို့ကိုခွန်အားနှင့်ပြည့်စေတော်မူပြီ။-
13. သို့ရာတွင်ကိုယ်တော်ရှင်သည်ဆိုးညစ်သူသစ္စာဖောက်တို့အား အဘယ်သို့လျှင်သည်းခံနိုင်တော်မူပါသနည်း။ ကိုယ်တော်ရှင်၏မျက်စိတော်တို့သည်အလွန်သန့်ရှင်းမြင့်မြတ်လှသည်ဖြစ်၍ဆိုးညစ်မှုကိုကြည့်မရပါ။ ကိုယ်တော်ရှင်သည်လူတို့ဒုစရိုက်ပြုကျင့်မှုကိုလည်းသည်းမခံနိုင်ပါ။ သို့ဖြစ်၍မိမိတို့ထက်ကိုယ်ကျင့်တရားကောင်းမွန်သူတို့အား ထိုသူတို့သုတ်သင်ပယ်ရှင်းကြသောအခါကိုယ်တော်ရှင်သည်အဘယ်ကြောင့်ဆိတ်ဆိတ်နေတော်မူပါသနည်း။
14. ကိုယ်တော်ရှင်သည်အဘယ်ကြောင့်လူတို့အားငါးများကဲ့သို့လည်းကောင်း၊ မိမိတို့အားအုပ်ချုပ်လမ်းညွှန်မည့်သူမရှိသည့်ပိုးအုံမွှားအုံကဲ့သို့သော်လည်းကောင်းဖြစ်စေတော်မူပါသနည်း။-
15. ဗာဗုလုန်အမျိုးသားတို့သည်လူတို့အားငါးများသဖွယ် သံချိပ်များဖြင့်ဖမ်းဆီးကြပါ၏။ ပိုက်ကွန်များဖြင့်အုပ်ဖမ်းဆွဲထုတ်နိုင်သဖြင့်ဝမ်းမြောက်ဝမ်းသာဟစ်အော်ကြွေးကြော်ကြပါ၏။-
16. သူတို့သည်မိမိတို့ပိုက်ကွန်များကြောင့်စားဝတ်နေရေးအတွက်အလွန်ချောင်လည်ကြသဖြင့် ထိုပိုက်ကွန်များအားရှိခိုးဝတ်ပြုကာယဇ်များကိုပင်ပူဇော်ကြပါ၏။