3. ကိုယ်တော်ရှင်သည်အဘယ်ကြောင့်ကျွန်တော်မျိုးအား ဤသို့သောဆင်းရဲဒုက္ခနှင့်ဆိုးညစ်မှုကိုကြုံတွေ့စေတော်မူပါသနည်း။ ကျွန်တော်မျိုးသည်အကြမ်းဖက်မှု၊ လုယက်ဖျက်ဆီးမှုတို့နှင့်ရင်ဆိုင်၍နေရပါ၏။ နေရာတကာတွင်ခိုက်ရန်ဖြစ်ပွားမှု၊ ငြင်းခုံမှုများကိုလည်းတွေ့မြင်ရပါ၏။-
4. တရားဥပဒေသည်ပျော့ညံ့၍အသုံးမဝင်သဖြင့် အဘယ်အခါ၌တရားသဖြင့်စီရင်ဆုံးဖြတ်မှုမပြုနိုင်ကြပါ။ သူယုတ်မာတို့သည်သူတော်ကောင်းများကိုအနိုင်ရကြသည်ဖြစ်၍ တရားစီရင်မှုသည်အမှောက်မှောက်အမှားမှားဖြစ်လျက်ရှိပါတော့၏။
5. ထိုအခါထာဝရဘုရားကမိမိလူမျိုးတော်အား``သင်တို့သည်မိမိတို့ပတ်ဝန်းကျင်ရှိလူမျိုးတကာကို ဆက်လက်စောင့်ဆိုင်းကြည့်ရှုနေကြလော့။ ထိုအခါသင်တို့တွေ့မြင်ရသည့်အမှုအတွက်အံ့သြသွားလိမ့်မည်။ ငါသည်သင်တို့ကြား၍ပင်မယုံနိုင်မည့်အမှုတစ်ခုကိုပြုမည်။-
6. ငါသည်ကြောက်မက်ဖွယ်ကောင်း၍အငြိမ်မနေတတ်သူဗာဗုလုန်အမျိုးသားတို့အားတန်ခိုးကြီးမားလာစေမည်။ သူတို့သည်အခြားနိုင်ငံများကိုနှိမ်နင်းရန် ကမ္ဘာမြေပြင်ကိုဖြတ်၍ချီတက်လာကြလိမ့်မည်။-
7. လူတို့အားကြောက်လန့်တုန်လှုပ်စေလျက် မာန်မာနထောင်လွှားကာတရားလက်လွတ်ပြုကျင့်ကြလိမ့်မည်။
8. ``သူတို့၏မြင်းများသည်ကျားသစ်ထက်လျင်မြန်၍ အစာဆာလောင်နေသောဝံပုလွေထက်ပင်ကြောက်မက်ဖွယ်ကောင်း၏။ မြင်းစီးသူရဲတို့သည်မြင်းများကို ရပ်ဝေးမှအပြင်းနှင်၍လာကြ၏။ သူတို့၏မြင်းများသည်မြေကိုခွာဖြင့်ရှပ်ကြ၏။ သူတို့သည်အစာကိုချီသုတ်မည့်လင်းယုန်ငှက်ကဲ့သို့တစ်ရှိန်ထိုးမောင်းနှင်လာလေသည်။
9. ``သူတို့၏တပ်များသည်အပြင်းအထန်ရှေ့သို့ချီတက်လျက်တိုက်ခိုက်အောင်မြင်ကြကုန်၏။ သူတို့ဖမ်းဆီးရမိသည့်သုံ့ပန်းများမှာသဲလုံးနှင့်အမျှများပေသည်။-
10. သူတို့သည်ပြည့်ရှင်မင်းများကိုမထီမဲ့မြင်ပြုကြ၏။ မှူးကြီးမတ်ရာတို့ကိုပြက်ရယ်ပြုကြ၏။ သူတို့အားအဘယ်ခံတပ်မျှမတားမဆီးနိုင်။ သူတို့သည်မြေကတုတ်များကိုဖို့လုပ်၍ခံတပ်တို့ကိုတိုက်ခိုက်သိမ်းယူကြလေသည်။-