1. မြေထဲပင်လယ်မှသည်အရှေ့သို့လားသော် ယော်ဒန်မြစ်တစ်ဖက်ကမ်းနှင့်ဂါလိလဲ ပြည်တိုင်အောင် ရောက်ရှိသည့်ဇာဗုလုန်နှင့် နဿလိသားချင်းစုတို့၏နယ်မြေတည်း ဟူသောလူမျိုးခြားတို့နေထိုင်ရာအရပ် သည် ယခင်ကအသရေပျက်ခဲ့သော်လည်း နောင်အခါ၌အသရေရှိလိမ့်မည်။
2. အမှောင်တွင်သွားလာနေသူတို့သည် ကြီးစွာသောအလင်းကိုမြင်ရကြ၏။သူတို့သည်သေမင်း၏အရိပ်လွှမ်းမိုးရာပြည်တွင် နေထိုင်ခဲ့ရသော်လည်း၊ယခုအခါသူတို့အပေါ်သို့အလင်းရောင် ကျရောက်လာလေပြီ။
3. အို ထာဝရဘုရားကိုယ်တော်ရှင်သည်သူတို့ အား လွန်စွာအားရရွှင်လန်းမှုကိုပေးတော်မူပါပြီ။ကိုယ်တော်ရှင်သည်သူတို့အားဝမ်းမြောက် စေတော်မူပါပြီ။လူတို့သည်အသီးအနှံရိတ်သိမ်းချိန်၌လည်းကောင်း၊တိုက်ရာပါပစ္စည်းများကိုခွဲဝေယူချိန်၌လည်းကောင်း၊ ဝမ်းမြောက်ကြသကဲ့သို့သူတို့သည်ကိုယ်တော်ရှင်ပြုတော်မူသော အမှုတော်အတွက်ရွှင်လန်းဝမ်းမြောက်ကြ ပါ၏။
4. အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည်သူတို့ထမ်းပိုးနှင့်သူတို့အားရိုက်သည့်တုတ်ကိုချိုးပစ် တော်မူသောကြောင့်ဖြစ်၏။ရှေးအခါကကိုယ်တော်သည်မိဒျန်အမျိုးသား တို့အားနှိမ်နင်းတော်မူခဲ့သည့်နည်းတူ၊ကိုယ်တော်၏လူမျိုးတော်အားနှိပ်စက်ညှဉ်းဆဲ ကြသည့် လူမျိုးအားနှိမ်နင်းတော်မူပါပြီ။
5. ချင်းနင်းဝင်ရောက်လာသောရန်သူစစ်သည် တို့၏ ဖိနပ်များနှင့်သွေးစွန်းလျက်ရှိသည့်အဝတ်အစားများသည်မီးရှို့ ဖျက်ဆီးခြင်း ကိုခံရကြလိမ့်မည်။
6. ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ငါတို့အားသားကိုပေးသနားတော်မူပါ၏။သူသည်ငါတို့ကိုအုပ်စိုးလိမ့်မည်။``သူ၏နာမတော်ကိုအံ့သြဖွယ်၊'' ``တိုင်ပင်ဘက်''``တန်ခိုးကြီးသောဘုရား'' ``ထာဝရအဖ''``ငြိမ်းချမ်းရေးအရှင်'' ဟူ၍နာမည်တွင် လိမ့်မည်။
7. သူ၏ရာဇအာဏာသည်ဆက်လက်တိုး တက်လျက်သူ၏နိုင်ငံတော်သည်လည်း၊အစဉ်အမြဲ ငြိမ်းချမ်းသာယာလိမ့်မည်။သူသည်ဒါဝိဒ်မင်း၏အရိုက်အရာကို ဆက်ခံကာယခုမှစ၍ကပ်ကာလကုန်ဆုံးချိန်တိုင်အောင်တရားတော်နှင့်အညီမျှတစွာအုပ်စိုးလိမ့်မည်။အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဤ အမှုအရာအလုံးစုံတို့အားဖြစ်ပျက်စေ ရန်သန္နိဋ္ဌာန်ချမှတ်တော်မူပြီးဖြစ်သတည်း။
8. ထာဝရဘုရားသည်ယာကုပ်၏သားမြေး များအပေါ်နှင့် ဣသရေလပြည်အပေါ်၌ တရားစီရင်ချက်ချမှတ်တော်မူလေပြီ။-
9. ယင်းသို့ပြုတော်မူကြောင်းကိုရှမာရိမြို့ တွင်နေထိုင်သူမှန်သမျှနှင့်ဣသရေလ အမျိုးသားမှန်သမျှတို့သိရှိကြလိမ့်မည်။ ယခုအခါသူတို့သည်မာန်မာနထောင်လွှား လျက်စိတ်ကြီးဝင်လျက်နေကြ၏။ သူတို့က၊-
10. ``အုတ်တိုက်များပြိုကျပြီဖြစ်သော်လည်း ယင်းတို့ကိုငါတို့သည်ဆစ်ကျောက်များဖြင့် အစားထိုးတည်ဆောက်ကြကုန်အံ့။ သဖန်း သားယက်မများကိုခုတ်ဖြတ်ပစ်ကြသော် လည်း၊ ငါတို့သည်ယင်းတို့ကိုအကောင်းဆုံး အာရစ်သား(သစ်ကတိုးသား) ဖြင့်အစားထိုး ကြကုန်အံ့'' ဟုဆိုကြ၏။
11. ထာဝရဘုရားသည်သူတို့အားတိုက်ခိုက် ကြစေရန် ရန်သူတို့ကိုလှုံ့ဆော်တော်မူ၏။-
12. အရှေ့ဘက်ရှိအာရှုရိပြည်နှင့်အနောက် ဘက်ရှိဖိလိတ္တိပြည်တို့သည် ဣသရေလ ပြည်ကိုဖျက်ဆီးချေမှုန်းရန်အသင့်ပြင် ဆင်ကြကုန်၏။ သို့နှင့်လည်းထာဝရဘုရား ၏အမျက်တော်သည်မပြေ။ သူတို့အားဆုံး မရန်ကိုယ်တော်သည်လက်တော်ကိုဆန့်လျက် ပင်ရှိထားတော်မူသေး၏။
13. ဣသရေလအမျိုးသားတို့သည်နောင်တ မရကြ။ မိမိတို့အားအနန္တတန်ခိုးရှင် ထာဝရဘုရားသည် အပြစ်ဒဏ်ခတ်တော်မူ ပြီဖြစ်သော်လည်းသူတို့သည်အထံတော် သို့မပြန်ကြ။-