7. ဣသရေလပြည်သည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏ဥယျာဉ်ဖြစ်၏။ယုဒပြည်သူတို့မှာကိုယ်တော်စိုက်ပျိုးသည့် စပျစ်ပင်များဖြစ်ကြ၏။သူတို့သည်သုစရိုက်ကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။သို့ရာတွင်သူတို့ကလူသတ်မှုကို ကူးလွန်ကြလေသည်။သူတို့သည်ဖြောင့်မှန်ရာကိုပြုလိမ့်မည်ဟု ကိုယ်တော်မျှော်လင့်တော်မူခဲ့၏။သို့ရာတွင်သူတို့၏အနှိပ်အစက်ခံရကြ သူတို့သည်တရားမျှတမှုရရှိရန်အော်ဟစ်လျက် နေကြလေသည်။
8. သင်တို့သည်အမင်္ဂလာရှိကြ၏။ မိမိတို့တွင် ရှိပြီးအိမ်များ၊ လယ်ယာများကိုအရေအတွက် တိုးပွားအောင်ပြုကြသူတို့။ မကြာမီပင် အခြားသူများအတွက် နေရာထိုင်ခင်းကျန် ရှိတော့မည်မဟုတ်။ သင်တို့ချည်းသာလျှင် ပြည်တော်တွင်နေထိုင်ရကြပေတော့အံ့။-
9. အနန္တတန်ခိုးရှင်ထာဝရဘုရားက``ဤကြီး ကျယ်လှပသည့်အိမ်များသည်လူသူမရှိ သည့်အိမ်ပျက်များဖြစ်ရကြလိမ့်မည်။-
10. ငါးဧကရှိသည့်စပျစ်ခြံမှစပျစ်ရည် သည် တစ်ဂါလံမျှသာရရှိလိမ့်မည်။ မျိုး စေ့ဆယ်တင်းကြဲသော်လည်းတစ်တင်း သာလျှင်ပြန်လည်ရရှိလိမ့်မည်။''
11. သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် သေရည်သေရက်သောက်ရန် စောစောထ၍ ည နေချိန်၌လည်းကြာမြင့်စွာမူးယစ်၍နေ တတ်ကြ၏။-
12. သင်တို့၏ပွဲလမ်းသဘင်များတွင်စောင်းများ၊ ပတ်သာများ၊ ပလွေများနှင့်စပျစ်ရည်ပါ တတ်၏။ သို့ရာတွင်ထာဝရဘုရားအဘယ် သို့ပြုတော်မူလျက်နေသည်ကို သင်တို့မသိ ကြ။-
13. ထို့ကြောင့်သင်တို့သည်သုံ့ပန်းများအဖြစ် ဖြင့်ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံရ ကြလိမ့်မည်။ သင်တို့၏ခေါင်းဆောင်များသည် အစာငတ်၍သေဆုံးကြလိမ့်မည်။ လူအပေါင်း တို့သည်ရေငတ်ကြလိမ့်မည်။-
14. မရဏနိုင်ငံသည်သူတို့အားဝါးမျိုလို သဖြင့် မိမိ၏ပါးစပ်ကိုကျယ်စွာဟလျက် နေ၏။ ယေရုရှလင်မြို့မှမှူးမတ်များကိုလည်း ယောက်ယက်ခတ်ဆူညံနေသောဆင်းရဲသား လူအုပ်ကြီးနှင့်အတူမျိုချလိုက်လေသည်။
15. လူတိုင်းပင်အရှက်ကွဲ၍မာန်မာနကြီးသူ မှန်သမျှတို့သည်လည်း ရှုတ်ချခြင်းကိုခံရ ကြလိမ့်မည်။-
16. သို့ရာတွင်အနန္တတန်ခိုးရှင်ထာဝရဘုရား သည်ဖြောင့်မှန်စွာပြုတော်မူခြင်းအားဖြင့် မိမိ၏ကြီးမြတ်မှုကိုဖော်ပြတော်မူလိမ့် မည်။ မိမိ၏သန့်ရှင်းမြင့်မြတ်မှုကိုထင်ရှား စေတော်မူလိမ့်မည်။-
17. ပျက်စီးယိုယွင်းနေသောမြို့များတွင်သိုးငယ် တို့သည်မြက်များကိုစားလျက်၊ ဆိတ်ငယ်တို့ သည်လည်းစားကျက်များကိုတွေ့ရှိကြလိမ့် မည်။
18. သင်တို့သည်အမင်္ဂလာရှိကြ၏။ မိမိတို့အပြစ် များ၏အနှောင်အဖွဲ့မှသင်တို့မရုန်းမထွက် နိုင်ကြ။-
19. သင်တို့က၊``ငါတို့တွေ့မြင်ရကြစေရန်ထာဝရ ဘုရားသည် မိမိမိန့်တော်မူသည့်အတိုင်းအလျင် အမြန်ပြုတော်မူပါစေသော။ ဣသရေလအမျိုး သားတို့၏သန့်ရှင်းမြင့်မြတ်တော်မူသည့်ဘုရားသခင်သည် မိမိ၏အကြံအစည်တော်တို့ကို အကောင်အထည်ဖော်တော်မူပါစေသော။ ကိုယ်တော်၏အကြံအစည်တော်ကိုငါ တို့ကြည့်ကြကုန်အံ့'' ဟုဆိုချေသည်။
20. သင်တို့သည်အမင်္ဂလာရှိကြ၏။ အကောင်း ကိုအဆိုး၊ အဆိုးကိုအကောင်းဟုသင်တို့ ခေါ်ဆိုတတ်ကြ၏။ အမှောင်ကိုအလင်း အဖြစ်သို့၊ အလင်းကိုအမှောင်အဖြစ်သို့ ပြောင်းလဲတတ်ကြ၏။ သင်တို့ကအချိုကို အခါး၊ အခါးကိုအချိုဖြစ်စေတတ်ကြ၏။
21. သင်တို့သည်အမင်္ဂလာရှိကြ၏။ မိမိတို့ ကိုယ်ကိုအလွန်ပညာရှိသည်။ တတ်သိလိမ္မာ သည်ဟုထင်မှတ်တတ်ကြ၏။
22. သင်တို့သည်အမင်္ဂလာရှိကြ၏။ အချင်းအရက် ပုလင်းသူရဲကောင်းတို့၊ သင်တို့သည်အရက် ရောစပ်မှုတွင်သတ္တိကောင်း၍ကြောက်စိတ်ကင်း ကြပါသည်တကား။-
23. သို့ရာတွင်သင်တို့သည်တံစိုးလက်ဆောင်ရ ခဲ့သော် အပြစ်ရှိသူတို့ကိုအပြစ်မပေးဘဲ လွှတ်ပစ်ကာ၊ အပြစ်မဲ့သူတို့ကိုမူတရား မျှတစွာစီရင်ဆုံးဖြတ်၍မပေးကြ။-
24. ထို့ကြောင့်ကောက်ရိုးနှင့်မြက်ခြောက်တို့သည် မီး လျှံတွင်တွန့်လိမ်လောင်ကျွမ်းသွားသကဲ့သို့၊ သင်တို့၏အမြစ်များသည်ဆွေးမြေ့လျက် အပွင့်များသည်လည်းခြောက်သွေ့လွင့်စင်လျက် သွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သင်တို့ သည်ငါတို့အား ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောအနန္တတန်ခိုး ရှင်ထာဝရဘုရားဟောပြောသွန်သင်တော်မူ သည့်တရားတော်ကိုပစ်ပယ်ကြသောကြောင့် ဖြစ်၏။-
25. ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အားအမျက်ထွက်တော်မူ၍ အပြစ်ဒဏ်ခတ် တော်မူရန်လက်တော်ကိုဆန့်တော်မူသဖြင့် တောင်တို့သည်တုန်လှုပ်ကြလိမ့်မည်။ သေသော သူတို့၏အလောင်းများသည်လမ်းများပေါ် တွင်အမှိုက်သရိုက်ကဲ့သို့ကျန်ရစ်လိမ့်မည်။ ထိုအခါ၌ပင်ထာဝရဘုရား၏အမျက် တော်သည်ပြေငြိမ်းလိမ့်မည်မဟုတ်။ ကိုယ်တော် သည်အပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကို ဆန့်လျက်ပင်ထားရှိလိမ့်ဦးမည်။
26. ထာဝရဘုရားသည်အချက်ပြ၍ရပ်ဝေး နေလူမျိုးခြားတို့အားခေါ်ယူတော်မူလိမ့် မည်။ ကိုယ်တော်သည်သူတို့အားကမ္ဘာမြေကြီး စွန်းမှလာရောက်ကြရန်လေချွန်သံဖြင့် အချက်ပေးတော်မူလိမ့်မည်။ ထိုသူတို့သည် လည်းဤအရပ်သို့အလျင်အမြန်လာ ရောက်ကြလိမ့်မည်။-