7. လူမျိုးတကာတို့၏ရွံရှာမုန်းတီးခြင်းကို များစွာခံရ၍၊မင်းဆိုးမင်းညစ်တို့၏အစေခံဖြစ်သူအား၊ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် သည့် ဘုရားသခင်၊ကယ်တင်ရှင်က၊``ပြည်ရှင်မင်းတို့သည်သင့်အားလွတ်မြောက် စေပြီးလျှင် ထ၍အရိုအသေပေးကြလိမ့်မည်။မင်းညီမင်းသားများသည်လည်းသင့်ကိုမြင်၍၊ ဦးညွှတ်ပျပ်ဝပ်ကာအလေးပြုကြလိမ့်မည်။''အဘယ်ကြောင့်ဆိုသော်၊ကတိတည်တော်မူသော ထာဝရဘုရားတည်းဟူသော၊ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် တော်မူသောဘုရားသခင်သည်၊သင့်ကိုရွေးချယ်ခန့်ထားတော်မူပြီ ဖြစ်သောကြောင့်တည်းဟုမိန့်တော်မူပါ၏။
8. ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား``သင်တို့ကိုကယ်ရန်အချိန်ကျသောအခါ၊ ငါသည်သင်တို့အားအခွင့်အရေးပေး၍၊ကူမတော်မူရန်သင်တို့ဟစ်အော်သံကို နားညောင်းမည်။ငါသည်သင်တို့အားထိန်းသိမ်းကွယ်ကာ စောင့်ရှောက်မည်။သင်တို့အားဖြင့်လူအပေါင်းတို့နှင့်လည်း ပဋိညာဉ်ဖွဲ့မည်။ယခုယိုယွင်းပျက်စီးလျက်ရှိသည့်သင်တို့ ၏ပြည်တွင်၊တစ်ဖန်အတည်တကျပြန်လည်နေထိုင်ခွင့်ကို သင်တို့အားငါပေးမည်။
9. အကျဉ်းကျလျက်နေသူတို့အား`လွတ်လပ်စွာ ထွက်ခွာသွားကြလော့' ဟူ၍လည်းကောင်း၊မှောင်မိုက်တွင်ရှိနေသူတို့အား`အလင်းသို့ ဝင်ကြလော့' ဟူ၍လည်းကောင်းငါပြောမည်။သူတို့သည်တောင်ကုန်းများပေါ်တွင်ပင်ကျက်စားလျက်နေသော သိုးများနှင့်တူလိမ့်မည်။
10. သူတို့သည်အဘယ်အခါ၌မျှအစာရေစာ ငတ်မွတ် ရလိမ့်မည်မဟုတ်။သူတို့သည်မိမိတို့အားချစ်မြတ်နိုးတော် မူသော အရှင်၏လမ်းပြပို့ဆောင်မှုကိုခံယူ၍၊နေနှင့်သဲကန္တာရအပူရှိန်ကြောင့်ဘေး အန္တရာယ် ရောက်ရလိမ့်မည်မဟုတ်။ထိုအရှင်သည်သူတို့အားစမ်းရေတွင်းများ ရှိရာသို့ ပို့ဆောင်တော်မူလိမ့်မည်။
11. ``ငါသည်တောင်တန်းများကိုဖြတ်၍လမ်းမကြီး တစ်သွယ်ကိုဖောက်လုပ်မည်။ငါ၏လူမျိုးတော်အတွက်ခရီးလမ်းကို ပြင်ဆင်မည်။
12. ငါ၏လူမျိုးတော်သည်ရပ်ဝေးဒေသများမှ လည်းကောင်း၊ မြောက်အရပ်နှင့်အနောက်အရပ်မှလည်းကောင်း၊တောင်အရပ်ရှိသိနိမ်ပြည်မှလည်းကောင်း လာရောက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။