ဟေ​ရှာ​ယ 48:12-22 Common Language Bible (BCL)

12. ထာ​ဝ​ရ​ဘု​ရား​က``အို ငါ​ခေါ်​ယူ​တော်​မူ​သည့်​လူ​မျိုး​တော်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ငါ​ပြော​သည်​ကို​နား​ထောင်​ကြ​လော့။ ငါ​သည်​ဘု​ရား​သ​ခင်​ဖြစ်​၏။ကပ်​ကာ​လ​အ​စ​မှ​အ​ဆုံး​တိုင်​တည်​နေ​တော်​မူ​သော အ​ရှင်၊ဖြစ်​တော်​မူ​၏။

13. ငါ​၏​လက်​တော်​သည်​ကမ္ဘာ​မြေ​ကြီး အုတ်​မြစ်​များ​ကို​ချ​၍၊မိုး​ကောင်း​ကင်​ကို​ဖြန့်​ကြက်​ခဲ့​၏။ငါ​သည်​ကမ္ဘာ​မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင်​ကိုဆင့်​ခေါ်​သော​အ​ခါ၊သူ​တို့​သည်​ချက်​ချင်း ပေါ်​ပေါက်​လာ​ကြ​ပါ​သည်​တ​ကား။

14. သင်​တို့​အ​ပေါင်း​သည်​စု​ဝေး​၍​ငါ​ပြော​သည် ကို နား​ထောင်​ကြ​လော့။ငါ​ရွေး​ချယ်​ထား​သူ​သည်​ဗာ​ဗု​လုန်​ပြည်​ကို တိုက်​ခိုက်​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း၊ငါ​၏​အ​လို​တော်​ကျ​ဆောင်​ရွက်​ပေး​လိမ့်​မည် ဟူ​၍​လည်း​ကောင်း၊အ​ဘယ်​ရုပ်​တု​က​မျှ​ကြို​တင်​၍​မ​ဟော​ကြား နိုင်​ခဲ့။

15. သူ့​အား​အ​မိန့်​ပေး​၍​ခေါ်​ယူ​သူ​မှာ​ငါ​ပင် ဖြစ်​ပေ​သည်။ငါ​သည်​သူ့​အား​လမ်း​ပြ​ပို့​ဆောင်​၍ အောင်​မြင်​မှု​ကို​ပေး​ခဲ့​၏။

16. ``ယ​ခု​ငါ​၏​အ​နီး​သို့​ချဉ်း​ကပ်​၍​ငါ​ပြော​ဆို သည်​ကို နား​ထောင်​ကြ​လော့။အ​စ​အ​ဦး​က​ပင်​လျှင်​ငါ​သည်​သင်​တို့​အား ပွင့်​လင်း​စွာ​ဖော်​ပြ​ခဲ့​၏။ထို​အ​ဖြစ်​အ​ပျက်​စ​၍​ဖြစ်​စဉ်​က​ပင် ငါ​ရှိ​ခဲ့​၏ ဟု​မိန့်​တော်​မူ​၏။(ယ​ခု​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​ငါ့ အား​တန်​ခိုး​တော်​ကို​ပေး​၍​စေ​လွှတ်​တော်​မူ ပြီ။)

17. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့် မြတ်​သည့် ဘု​ရား​သ​ခင်၊သင်​တို့​အား​ကယ်​တင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​သင်​တို့​အ​ကျိုး​ငှာ​သွန်​သင်​တော်​မူ​၍၊သင်​တို့​သွား​ရ​မည့်​ခ​ရီး​လမ်း​ကို ပြ​ညွှန်​တော်​မူ​လို​သည့်သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​၏။

18. ``အ​ကယ်​၍​သင်​တို့​သာ​လျှင်​ငါ​၏​အ​မိန့် တော်​များ​ကို နား​ထောင်​ကြ​မည်​ဆို​ပါ​မူအ​ဘယ်​မျှ​ကောင်း​လိမ့်​မည်​နည်း။ငြိမ်​သက်​ခြင်း​ချောင်း​ရေ​ကဲ့​သို့၊သင်​တို့​အ​တွက် စီး​ဆင်း​လာ​မည်​သာ။အောင်​မြင်​ခြင်း​သည်​လည်း​ကမ်း​ခြေ​တွင်ရိုက်​ခတ်​သည့်​လှိုင်း​လုံး​များ​ကဲ့​သို့​သင်​တို့​အ​တွက် ပေါ်​ထွက်​လာ​မည်​သာ။

19. သင်​တို့​၏​သား​မြေး​များ​သည်​သဲ​လုံး​နှင့်​အ​မျှ များ​ပြား​ကြ​လျက်၊ငါ​သည်​လည်း​သူ​တို့​အား​အ​ဘယ်​အ​ခါ​၌​မျှ ပျက်​ပြုန်း​စေ​ခွင့်​ပြု​လိမ့်​မည်​မ​ဟုတ်။

20. ဗာ​ဗု​လုန်​ပြည်​မှ​ထွက်​သွား​ကြ​လော့။ လွတ်​လပ်​စွာ​ထွက်​ခွာ​သွား​ကြ​လော့။``ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကယ်​တော် မူ​ပြီ'' ဟူ​သော သ​တင်း​ကို​ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လော့။အ​ရပ်​တ​ကာ​တွင်​ကြား​သိ​စေ​ကြ​လော့။

21. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား၊ ခြောက်​သွေ့​ပူ​ပြင်း​သော​သဲ​ကန္တာ​ရ​ကို​ဖြတ်​၍ခေါ်​ဆောင်​သွား​တော်​မူ​သော​အ​ခါ​သူ​တို့​သည် ရေ​မ​ငတ်​ကြ။ကိုယ်​တော်​သည်၊သူ​တို့​အ​တွက်​ကျောက်​ဆောင်​ထဲ​မှ ရေ​စီး​၍​ထွက်​စေ​တော်​မူ​၏။ကျောက်​ကို​ကွဲ​အက်​စေ​တော်​မူ​သ​ဖြင့် ရေ​သည်​စီး​ထွက်​၍​လာ​၏။

22. ``သူ​ယုတ်​မာ​တို့​သည်​ငြိမ်း​ချမ်း​စွာ​နေ​ရ ကြ​လိမ့်​မည် မ​ဟုတ်'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပါ​၏။

ဟေ​ရှာ​ယ 48