1. အချင်းယုဒမှဆင်းသက်လာသူ၊ဣသရေလအမျိုးသားတို့၊ဤစကားကိုနားထောင်ကြလော့။သင်တို့သည်ထာဝရဘုရား၏နာမတော်ကို တိုင်တည်ကျိန်ဆိုကာ၊ဣသရေလအမျိုးသားတို့၏ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပါသည်ဟုဆိုသော်လည်းသင်တို့၏စကားများသည်တစ်ခွန်းမျှမမှန်။
2. သို့ပါလျက်သင်တို့သည်မိမိတို့ကိုယ်ကိုသန့်ရှင်း မြင့်မြတ်သည့်မြို့တော်သားများဟူ၍လည်းကောင်း၊အနန္တတန်ခိုးရှင်ထာဝရဘုရားဟုနာမည် တွင်သောဣသရေလအမျိုးသားတို့၏ဘုရားသခင်ကို မှီခိုအားကိုးသူများဟူ၍လည်းကောင်း ဂုဏ်ယူပြောဆိုကြပေသည်။
3. ဣသရေလအမျိုးသားတို့အားထာဝရ ဘုရားက၊``ရှေးအခါက၊ငါသည်ဖြစ်ပျက်မည့်အမှု အရာကို ကြိုတင်ဟောကြားခဲ့၏။ထိုနောက်ထိုအရာကိုရုတ်တရက်ဖြစ်ပေါ် လာစေ၏။
4. သင်တို့သည်သံကဲ့သို့တင်းမာလျက်၊ကြေးဝါကဲ့သို့မာကြောလျက်၊ခေါင်းမာ နေကြလိမ့်မည်ကိုငါသိ၏။
5. ငါသည်အမှုအရာများမဖြစ်ပျက်မီက ပင်လျှင်ကြိုတင်၍၊သင်တို့၏အနာဂတ်ကို ဟောကြားခဲ့ပေသည်။ယင်းသို့ပြုရခြင်းမှာဤအမှုအရာများကိုသင်တို့လုပ်သည့်ရုပ်တုများကဖြစ်ပေါ်စေသည်ဟု သင်တို့မပြောမဆိုနိုင်ကြစေရန်ပင်ဖြစ်၏။
6. ``ငါသည်ကြိုတင်ဟောကြားခဲ့သမျှသော အမှုတို့သည်ယခုဖြစ်ပျက်ကြလေပြီ။ငါ၏ဟောကြားချက်များမှန်လျက်နေသည်ကို သင်တို့ဝန်ခံကြရပေမည်။ယခုငါသည်နောင်အခါ၌ဖြစ်ပျက်မည့် အမှုအရာသစ်များ၊ယခင်အခါကမဖော်ပြခဲ့ဘူးသည့် အမှုအရာများကိုသင်တို့အားဖော်ပြပါအံ့။
7. ယခုမှသာလျှင်ငါသည်ထိုအမှုတို့ကို ဖြစ်ပျက်စေမည်။ယင်းသို့သောအမှုများသည်ယခင်က မဖြစ်မပျက်ခဲ့ဘူးကြ။အကယ်၍ဖြစ်ပျက်ခဲ့သည်ဆိုပါမူ၊ထိုအရာတို့၏အကြောင်းကိုငါတို့သိရှိပြီး ဟု သင်တို့ဆိုကြလိမ့်မည်။
8. သင်တို့အားယုံကြည်စိတ်ချ၍ မရကြောင်းကိုလည်းကောင်း၊သင်တို့သည်မွေးဖွားလာချိန်မှပင်အစပြု၍သူပုန်များဟုအခေါ်ခံရကြသည်ကိုလည်း ကောင်း ငါသိ၏။ထို့ကြောင့်ဤအမှုအရာများအကြောင်းကိုသင်တို့သည်အဘယ်အခါကမျှမကြားခဲ့ နားမလည်ခဲ့။ယခင်ကတည်းကသင်တို့သည်လည်းနားမပွင့်။
9. ``ငါ၏နာမတော်ကိုလူတို့ထောမနာပြုကြစေရန်၊ ငါသည်မိမိ၏အမျက်ကိုထိန်းချုပ်၍ထားမည်။မိမိဒေါသကိုချုပ်တည်း၍သင်တို့အား ဖျက်ဆီးသုတ်သင်မှုကိုမပြုဘဲနေမည်။
10. ငွေကိုမီးဖိုတွင်ထည့်၍ချွတ်သကဲ့သို့ငါသည်သင်တို့အားဆင်းရဲဒုက္ခမီးဖြင့် စုံစမ်းစစ်ဆေးပြီးဖြစ်၏။
11. ငါသည်အဘယ်အမှုကိုမဆိုမိမိ၏ ဂုဏ်သိက္ခာကိုထောက်၍ပြုတတ်၏။ငါ၏နာမတော်အသရေပျက်စေရန်ပြု လိမ့်မည်မဟုတ်။ငါတစ်ပါးတည်းသာလျှင်ခံယူထိုက်သည့် ဘုန်းအသရေကိုလည်း၊အခြားအဘယ်သူအားမျှခံယူစေလိမ့် မည်မဟုတ်။