1. ထာဝရဘုရားက``ငါ၏အစေခံဣသရေလအမျိုးသားတို့၊ငါရွေးချယ်ထားသောလူမျိုးတော်၊ ယာကုပ်၏ သားမြေးတို့၊ယခုနားထောင်ကြလော့။
2. ငါသည်သင်တို့ကိုဖန်ဆင်းတော်မူသော ဘုရားသခင်ဖြစ်၏။သင်တို့မွေးဖွားချိန်မှအစပြု၍ငါသည် သင်တို့အားကူမခဲ့လေပြီ။မကြောက်ကြနှင့်၊ သင်တို့သည် ငါ၏အစေခံ၊ငါချစ်မြတ်နိုး၍ရွေးချယ်ထားသည့် လူမျိုးတော်ဖြစ်ကြ၏။
3. ``ငါသည်ရေငတ်သည့်ပြည်တွင်မိုးရွာသွန်းစေမည်။သဲကန္တာရတွင်စမ်းရေများပေါက်စေမည်။သင်တို့၏သားသမီးများအပေါ်တွင်ငါ၏ တန်ခိုးတော်ကိုလည်းကောင်း၊သင်တို့သားမြေးများအပေါ်တွင်ငါ၏ ကောင်းချီး မင်္ဂလာများကိုလည်းကောင်းသွန်းလောင်းမည်။
4. သူတို့သည်ရေကောင်းစွာရသည့်မြက်များ ကဲ့သို့ရေစီးသောချောင်းအနီးရှိမိုးမခပင်များကဲ့သို့ စိမ်းလန်းဝေဆာလျက်နေကြလိမ့်မည်။
5. ``လူတို့သည်တစ်ယောက်ပြီးတစ်ယောက် `ငါသည်ထာဝရဘုရား၏လူဖြစ်ပါသည်' ဟု ပြောဆိုကြလိမ့်မည်။သူတို့သည်ဣသရေလအမျိုးသားများနှင့် အတူ လာရောက်နေထိုင်ကြလိမ့်မည်။သူတို့သည်ကိုယ်စီကိုယ်ငှလက်မောင်းတွင် ထာဝရဘုရား၏နာမတော်ကိုရေးမှတ်ကာ၊မိမိတို့ကိုယ်ကိုထာဝရဘုရား၏လူမျိုး တော်ဟု မှည့်ခေါ်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
6. ဣသရေလအမျိုးကိုအစိုးရ၍ကာကွယ် စောင့်ရှောက်တော်မူသောထာဝရဘုရား၊အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါသည်ကပ်ကာလအစမှအဆုံးတိုင် အောင် တည်နေတော်မူသောအရှင်၊တစ်ဆူတည်းသောဘုရားသခင်ဖြစ်တော် မူ၏။ငါမှတစ်ပါးအခြားအဘယ်ဘုရားမျှမရှိ။
7. ငါပြုခဲ့သည့်အမှုတို့ကိုပြုနိုင်၍ကပ် ကာလအစမှအဆုံးတိုင်အောင်ဖြစ်ပျက်မည့်အမှုအရာ မှန်သမျှကိုပြတ်သားစွာကြိုတင်ဖော်ပြနိုင်သူတစ်စုံ တစ်ယောက် ရှိပါသလော'' ဟုမိန့်တော်မူ၏။
8. အို ငါ၏လူမျိုးတော်၊ မကြောက်ကြနှင့်၊ငါသည်ရှေးပဝေသဏီကာလမှစ၍ယခုတိုင်အောင်ဖြစ်ပျက်မည့်အမှုအရာမှန် သမျှကို ကြိုတင်ကြေညာခဲ့သည်ကိုသင်တို့သိကြ၏။သင်တို့သည်ငါ၏အသိသက်သေများဖြစ် ကြပါသည်တကား။ငါမှတစ်ပါးအခြားအဘယ်ဘုရားရှိပါ သနည်း။အဘယ်အခါ၌မျှငါမကြားဘူးသည့် တန်ခိုးတော်ရှင်ဘုရားသခင်ရှိပါသလော။
9. ရုပ်တုဆင်းတုပြုလုပ်သူအပေါင်းတို့သည် တန်ဖိုးမဲ့သူများဖြစ်၍ သူတို့အမြတ်တနိုး ထားသည့်ဘုရားများသည်လည်းအသုံးမဝင် ကြ။ ထိုဘုရားများကိုကိုးကွယ်ဝတ်ပြုကြ သောသူတို့သည်မျက်စိကန်းသူများ၊ အသိ ပညာကင်းမဲ့သူများဖြစ်၏။ သူတို့သည် အသရေပျက်ကြလိမ့်မည်။-
10. ဘုရားအဖြစ်ဝတ်ပြုကိုးကွယ်ရန်အတွက် ရုပ်တုကိုသွန်းလုပ်မှုသည်အကျိုးမရှိ ပါတကား။-