15. ငါသည်သင်တို့၏သန့်ရှင်းမြင့်မြတ်သည့် ဘုရားသခင်ထာဝရဘုရားဖြစ်၏။အို ဣသရေလအမျိုးသားတို့သင်တို့အား ငါဖန်ဆင်းခဲ့၏။ငါသည်သင်တို့၏ဘုရင်ဖြစ်၏'' ဟုမိန့်တော်မူ၏။
16. ရှေးအခါက၊ထာဝရဘုရားသည်ပင်လယ် ဝဲသြဃကို ဖြတ်၍လမ်းဖောက်တော်မူခဲ့၏။
17. ကိုယ်တော်သည်ရထားတပ်၊ မြင်းတပ်များနှင့်အင်အားကြီးမားသောစစ်သည်ဗိုလ်ချေတို့ကို ဆုံးပါးပျက်စီးစေတော်မူ၏။သူတို့သည်ငြိမ်းသတ်လိုက်သည့်ဖယောင်းတိုင်မီးသဖွယ်နလံမထူနိုင်အောင် ပြိုလဲ၍သွားကြကုန်၏။
18. သို့ရာတွင်ထာဝရဘုရားက``အတိတ်ကအဖြစ်အပျက်များကိုစွဲလန်း၍ မနေကြနှင့်။ရှေးအခါကဖြစ်ပျက်ခဲ့သည့်အမှုအရာများ အကြောင်းကိုပြောဆို၍မနေကြနှင့်။
19. ငါပြုမည့်အမှုအရာသစ်ကိုစောင့်မျှော် ကြည့်ရှုကြလော့။ထိုအမှုအရာသည်ဖြစ်ပျက်ဆဲပင်ရှိသဖြင့် ယင်းကို ယခုသင်တို့တွေ့မြင်နိုင်ကြပါသည်တကား။ငါသည်တောကန္တာရကိုဖြတ်၍လမ်းပေါက်စေ ပြီးလျှင်၊သင်တို့အားစမ်းရေကိုပေးတော်မူမည်။
20. တောတိရစ္ဆာန်များပင်လျှင်ငါ၏ဂုဏ်ကျေးဇူးကို ချီးကူးကြလိမ့်မည်။ငါသည်မိမိရွေးချယ်ထားသူလူတို့ရေရရှိရေးအတွက်၊သဲကန္တာရတွင်မြစ်ရေ များကို စီးဆင်းစေသောအခါ၊ခွေးအများနှင့်ငှက်ကုလားအုတ်များသည် ငါ့ကို ထောမနာပြုကြလိမ့်မည်။
21. ထိုလူမျိုးတော်ကားမိမိအဖို့ငါ ဖန်ဆင်းခဲ့သူများဖြစ်၏။သူတို့သည်လည်းငါ့ကိုထောမနာပြုကြ လိမ့်မည်။
22. ထာဝရဘုရားက``သင်တို့ဝတ်ပြုကိုးကွယ်ခြင်းကိုခံရသူမှာ ငါမဟုတ်။အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် ငါ့ကို ဝတ်ပြုကိုးကွယ်ရန်ငြီးငွေ့လျက်ရှိကြ၏။
23. သင်တို့သည်မိမိတို့မီးရှို့ပူဇော်ရာသိုးများကို ငါ့ထံသို့မယူဆောင်ခဲ့ကြ။သင်တို့၏ယဇ်များဖြင့်ဂုဏ်ပြုချီးမြှောက်ခြင်း ခံရသူမှာလည်းငါမဟုတ်။ငါသည်ပူဇော်သကာများကိုတောင်းဆိုခြင်း အားဖြင့် သင်တို့အားဝန်မလေးစေပါ။မွှေးကြိုင်သောနံ့သာပေါင်းကိုတောင်းဆိုခြင်းအားဖြင့်လည်းသင်တို့စိတ်ကို မငြီးငွေ့စေပါ။
24. သင်တို့သည်ငါ့အားပူဇော်ရန်နံ့သာပေါင်းကို မဝယ်ကြ။ယဇ်ကောင်ဆီဥနှင့်လည်းငါ့အားမရောင့်ရဲစေကြ။ယင်းသို့ပြုမည့်အစားသင်တို့သည်မိမိတို့ အပြစ်များဖြင့်ငါ့ကိုဝန်လေးစေကြ၏။မိမိတို့ပြုသည့်အမှားများဖြင့်ငါ့ကို ငြီးငွေ့စေကြလေပြီ။
25. သို့သော်လည်းငါသည်မိမိ၏ဂုဏ်သိက္ခာကို ထောက်၍၊သင်တို့အားအပြစ်ဖြေလွှတ်တော်မူသော အရှင် ဘုရားသခင်ဖြစ်ပေသည်။